
နေပြည်တော် နိုဝင်ဘာ ၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းတို့နှင့်အတူ ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်း ကျောင်းသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူ များ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ကြိုးစားသင်ယူ
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးဂရုစိုက်၍ ယခုကျောင်းပြန်ဖွင့်ချိန်ကစပြီး ပညာရည်တိုးတက် အောင် ရည်မှန်းချက်မပျောက်အောင် ကြိုးစားသင်ယူ ကြစေလိုကြောင်း၊ ပညာသင်ကြားပေးသည့် ဆရာ ဆရာမများနှင့် မိဘများအပေါ် ရိုသေလေးစား၍ ကျေးဇူးတရားများ သိတတ်သည့် နိုင်ငံအတွက် အားထားရသော လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း၊ ဆရာ ဆရာမများ အနေဖြင့်လည်း အနာဂတ်မျိုးဆက်သစ်များဖြစ်သည့် ကျောင်းသား ကျောင်းသူများ ပညာအရည်အသွေး တိုးတက်ရေး၊ ထူးချွန်ထက်မြက်ရေးအတွက် ပြုစု ပျိုးထောင်ပေးကြစေလိုပါကြောင်း၊ ကျောင်းဖွင့် ကာလအတွင်း ကျောင်းသား ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်ချက် အခက်အခဲများရှိပါက တင်ပြကြရန်နှင့် လိုအပ်ချက် များကိုလည်း အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်ကြား နေဆဲ သိပ္ပံသင်ခန်းစာများနှင့်ပတ်သက်၍ လည်းကောင်း၊ ဒုတိယဝန်ကြီးက အင်္ဂလိပ်ဘာသာရပ် သင်ကြားသင်ယူမှုနှင့်ပတ်သက်၍ လည်းကောင်း ကျောင်းသား ကျောင်းသူများကို ဆွေးနွေးမေးမြန်းပြီး ဘာသာရပ်ဆိုင်ရာ သင်ကြားသင်ယူနေမှုအခြေအနေ များကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ကြည့်ရှုအားပေး
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဇမ္ဗူသီရိမြို့နယ် အမှတ်(၅) အခြေခံပညာအထက် တန်းကျောင်းသို့သွားရောက်ကာ ဘာသာရပ်ဆိုင်ရာ သင်ကြားသင်ယူနေမှုအခြေအနေများကို လှည့်လည် ကြည့်ရှုအားပေး၍ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး မှာကြားသည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှုန်း ကျဆင်းနေပြီ ဖြစ်သောကြောင့် ယနေ့ (နိုဝင်ဘာ ၁ ရက်)တွင် တိုင်း ဒေသကြီး/ပြည်နယ် ကိုးခုမှ နယ်စပ်ဒေသ မြို့နယ် ၄၆ မြို့နယ်ရှိ စာသင်ကျောင်းများမှလွဲ၍ ကျန်မြို့နယ် များအားလုံးရှိ စာသင်ကျောင်းများ (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအပါအဝင်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ရာ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်