ဟုမ္မလင်းမြို့နယ် ချင်းတွင်းတံတား (ထမံသီ) တည်ဆောက်နေမှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မုံရွာ   အောက်တိုဘာ   ၃၁ 


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် ယမန်နေ့ နံနက်ပိုင်းတွင်  ဟုမ္မလင်းမြို့နယ် ပင်းမာကျေးရွာ       ချင်းတွင်းတံတား(ထမံသီ)တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု  စစ်ဆေးသည်။


စီမံကိန်းရှင်းလင်းဆောင်တွင် တံတားတည်ဆောက် ရေး အထူးအဖွဲ့(၂)မှ     ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်သီဟက         ချင်းတွင်းတံတား (ထမံသီ) တည်ဆောက်ရေးလုပ်ငန်း         ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ 
အကျိုးပြုမည့် တံတား


တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသ ကြီး ခန္တီးခရိုင်နှင့်  နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တို့ကို ဆက်သွယ်ပေးမည့် ချင်းတွင်းမြစ်ကူး ချင်းတွင်း တံတား(ထမံသီ) တည်ဆောက်ပြီးစီးပါက လေရှီး မြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နှင့်  အနီးပတ်ဝန်းကျင်ရှိ  ကျေးရွာများမှ ဒေသခံပြည်သူများ လူမှုစီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက်    များစွာအကျိုးပြုမည့် တံတားဖြစ်ပြီး   တည်ဆောက်ရေးလုပ်ငန်းများကို အမြန်ပြီးအောင်      သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ တည်ဆောက်စေလိုကြောင်း၊ လုပ်ငန်းပမာဏ ကြီးမားပြီး       အချိန်ပြည့်လုပ်ဆောင်နေကြ၍ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးကိုလည်း သတိပြုစေလိုကြောင်း၊   တံတားတည်ဆောက်မှု လုပ်ငန်းများဆောင်ရွက်ရာတွင်  ဒေသခံပြည်သူများ နှင့်    ရင်းနှီးစွာဆက်ဆံကာ   ၎င်းတို့၏လယ်ယာ စိုက်ပျိုးရေးဆောင်ရွက်မှုများကိုလည်း  ထိခိုက်မှု မရှိအောင် ဆောင်ရွက်စေလိုကြောင်း အသေးစိတ် မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်၍  တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ချင်းတွင်းတံတား(ထမံသီ) တည် ဆောက်နေမှုလုပ်ငန်းများ၊ ဘိုးပိုင်တူးခြင်းနှင့် ချဉ်းကပ် လမ်းဖောက်လုပ်နေမှုတို့ကို    လှည့်လည်ကြည့်ရှု  စစ်ဆေးခဲ့ကြသည်။


အဆိုပါ ချင်းတွင်းတံတား(ထမံသီ)သည် ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် ပင်းမာ - ထမံသီ - လေရှီးမြို့ - ပန်ဆပ်-ဆွမ်ပရာဘွမ်မြို့ လမ်းပေါ်တွင် ချင်းတွင်းမြစ် ကိုဖြတ်၍ တည်ဆောက်ထားပြီး တံတားအမျိုးအစား မှာ သံကူကွန်ကရစ်တံတားဖြစ်ပြီး တံတားအရှည်  ၈၀၁ မီတာ x ၉ ဒသမ ၄ မီတာ၊ တံတားအခန်းဖွင့် မီတာ ၁၂၀၊ သံမဏိသံပေါင် x လေးခန်း+မီတာ ၃၀ ကြိုတင်အားဖြည့် သံကူကွန်ကရစ် ရက်မ x ၁၀ ခန်း +  မီတာ ၂၀ ကြိုတင်အားဖြည့် သံကူကွန်ကရစ် ရက်မ တစ်ခန်း၊ ရေလမ်းကင်းလွတ်အမြင့်ပေ ၄၀ (HFL) အကျယ် ၃၃၈ ပေဖြစ်ကြောင်း သိရသည်။


တိုင်းဒေသကြီး
(ပြန်/ဆက်)