
မန္တလေး အောက်တိုဘာ ၃၁
ယခုရာသီတွင် မတ္တရာ၊ စဉ့်ကူး၊ မြောင်၊ မုံရွာ၊ ရေစကြိုဒေသများ ၌ ရေသွင်းစိုက်ပျိုးထားသည့် သီးထပ်မတ်ပဲများ မန္တလေး ဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက် လျက်ရှိပြီး ဈေးနှုန်းမှာလည်း ယမန်နှစ်ကာလတူ ပေါက်ဈေး ထက် ပိုမိုရရှိနေကြောင်း မန္တလေး ပဲကုန်သည်များထံမှ သိရသည်။
အဆိုပါ မတ်ပဲများကို ဇွန်၊ ဇူလိုင်လတို့တွင် ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေကို အသုံးပြု၍ လည်းကောင်း၊ အချို့ဒေသ များတွင် မြေအောက်ရေကို စုပ်ယူ၍လည်းကောင်း ရေသွင်း စိုက်ပျိုးပြီး စက်တင်ဘာလကုန် ပိုင်းတွင် စတင်ထွက်ရှိကာ ယခု အောက်တိုဘာလကုန်ပိုင်းတွင် ဈေးကွက်သို့ လှိုင်လှိုင် ဝင်ရောက် လာခြင်းဖြစ်သည်။ ဈေးနှုန်းမှာ ယမန်နှစ်ကာလတူ အချိန်က သုံးတင်းဝင်တစ်အိတ်လျှင် ငွေ ကျပ် ၈၅၀၀၀ နှုန်းသာ ရရှိခဲ့ သော်လည်း ယခုနှစ်တွင် သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၃၀၀၀၀ အထိ ရရှိ နေကြောင်း သိရသည်။
“အခုရက်ပိုင်းမှာတော့ အညာ ဒေသမှာ မြစ်ရေကိုအားပြုပြီး သီးထပ်စိုက်ပျိုးထားတဲ့ မတ်ပဲ သီးနှံတွေ မန္တလေးဈေးကွက်ကို ဝင်ရောက်နေပါတယ်။ မတ်ပဲကို ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီတိုင်း ဒေသကြီးတွေမှာ တစ်နှစ်ကို တစ်ရာသီသာ စိုက်ပျိုးကြပေမယ့် အညာဒေသမှာတော့ သီးထပ် အဖြစ် စိုက်ပျိုးလာခဲ့ကြတာ ဆယ်စုနှစ်တစ်စုလောက် ရှိပါပြီ။ အောင်မြင်မှု ရလဒ်တွေကြောင့် တိုးချဲ့စိုက်ပျိုးလာကြတဲ့အတွက် တစ်နှစ်ထက်တစ်နှစ် အထွက် နှုန်းလည်း တိုးတက်လာခဲ့တယ်။ ဒီနှစ်မှာတော့ အထွက်နှုန်းလည်း ကောင်းသလို ဈေးနှုန်းလည်း အရင်နှစ်ကထက် ပိုရရှိနေတယ်။ ဒီနှစ်မှာ အိန္ဒိယနိုင်ငံရဲ့ ဝယ်လို အားကြောင့် မတ်ပဲ လက်ကျန် နည်းပြီး ဈေးကွက်မှာ ပစ္စည်း ပြတ်မယ်လို့ ခန့်မှန်းကြပေမယ့် အခုထွက်ပေါ်လာတဲ့ ရေသွင်း မတ်ပဲကြောင့် စိုက်ပျိုးဖို့ မျိုး အတွက် ပူစရာမလိုတော့ပါ ဘူး”ဟု မန္တလေးမြို့မှ ဦးစိုးဝင်း မြင့်(စိုးဝင်းမြင့်ပွဲရုံ) က ပြောသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသော ပြည်ပပို့ကုန် ပဲအမျိုးအစားများ အနက် မတ်ပဲသည် ပြည်ပဝင်ငွေ အကောင်းဆုံးရရှိသော ပို့ကုန် သီးနှံအဖြစ် ရပ်တည်လျက်ရှိခြင်း ကြောင့် မြစ်ရေလွယ်ကူစွာရရှိနိုင် သော ဒေသများတွင် သီးထပ်သီးနှံ အဖြစ် တိုးချဲ့စိုက်ပျိုးသင့်ကြောင်း ၎င်းက ဆက်ပြောသည်။
အညာဒေသများတွင် ဆောင်း သီးနှံအဖြစ် ပုံမှန်စိုက်ပျိုးထား ရှိသည့် မတ်ပဲများမှာလည်း အပင်ပေါက်ကောင်းမွန်သဖြင့် ဇန်နဝါရီလဆန်းတွင် စတင်ရိတ် သိမ်းကာ ဈေးကွက်သို့ဝင်ရောက် တော့မည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)