ကျောင်းအပ်နှံပြီးသားတွေရော ကျောင်းမအပ်ရသေးတဲ့ ကျောင်းသားတွေပါ ကျောင်းလာတက်ကြဖို့ ဖိတ်ခေါ်ပါတယ်

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းမှ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းလွန်ကျောင်းများကို  နိုဝင်ဘာ ၁ ရက်တွင် နိုင်ငံတော်၏အစီအမံဖြင့် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းများ ဖွင့်လှစ်မည့်အစီအစဉ်များနှင့် ပတ်သက်၍ မြို့နယ်ပညာရေးမှူးဦးခင်ဇော်နှင့် အောက်တိုဘာ ၃၁ ရက်က  တွေ့ဆုံမေးမြန်းထားပါသည်။

 

 မေး။     ။     ကျောင်းများပြန်ဖွင့်လှစ်ဖို့ မြို့နယ်အတွင်း စီစဉ်ထားရှိမှုကို ပြောပြပေးပါ။ 


ဖြေ။    ။     တနင်္သာရီမြို့နယ်မှာ  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ရဲ့အစမှာ ကျောင်း ၄၇ ကျောင်းကို စတင်ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပြန်ပိတ်လိုက်ပါတယ်။ အခု နိုဝင်ဘာ ၁ ရက်မှာ  ကျောင်းတွေပြန်ဖွင့်ဖို့ ညွှန်ကြားလာတဲ့အတွက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၊ ကျွန်တော်နဲ့ ကျောင်းအုပ်ကြီးတချို့  ၂၉ ရက်ကတွေ့ဆုံပြီး ကျောင်း ၄၇ ကျောင်း လုံး အခုအခါပြန်လည်ဖွင့်လှစ်ရင် အဆင်ပြေ/မပြေ၊ လုံခြုံရေးအခြေ အနေတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီကျောင်း ၄၇ ကျောင်းထဲက ၃၃ ကျောင်းကို နိုဝင်ဘာ ၁ ရက်မှာ ဖွင့်ဖြစ်ပါမယ်။ ကျန်တဲ့ ၁၄ ကျောင်းကိုတော့ လုံခြုံရေးအခြေအနေအရ ဖွင့်ဖြစ်မှာမဟုတ်သေးပါဘူး။ 

 


မေး။     ။     မဖွင့်နိုင်တဲ့ကျောင်းတွေက ဘယ်ကျေးရွာအုပ်စုတွေထဲက ဖြစ်ပါသလဲ။


ဖြေ။    ။     တကူကျေးရွာအုပ်စုထဲက အထက-တကူ၊ ပဝကျေးရွာ အုပ်စု ထဲက အထက-ပဝရွာ၊ ကော့မပြင်းကျေးရွာအုပ်စုမှ 
အလက-ကော့မပြင်းကျောင်းနဲ့ သာရဖုံ၊  သာရဘွင်၊ ဘန်းပြည့်၊ သင်္ဘောဦးနဲ့ မောတောင်မြို့ အမှတ်(၉)ကျေးရွာအုပ်စုစတဲ့ ကျေးရွာ အုပ်စုတွေထဲက အလက(ခွဲ)ကျောင်းတွေနဲ့ မူလတန်းလွန်ကျောင်းတွေ ဖြစ်ပါတယ်။ အဲဒီထဲမှာမှ အမှတ်(၃)နဲ့ အမှတ်(၉) မူလွန်ကျောင်း နှစ်ကျောင်းကိုတော့ ကျောင်းဖွင့်ပြီး တစ်ပတ်၊ နှစ်ပတ်ခန့် စောင့်ကြည့် ပြီးရင် ဆက်ဖွင့်ပေးဖို့ စီစဉ်ထားပါတယ်။

 


မေး။    ။     ဘယ်ကျောင်းတွေဖွင့်မယ်/    မဖွင့်ဖြစ်သေးဘူးဆိုတာ ကျောင်းအုပ်ကြီးတွေနဲ့  ကျောင်းသား   ကျောင်းသူများ သိရှိနိုင်ဖို့ ဘယ်လိုစီမံထားပါသလဲ။


ဖြေ။    ။     ကျွန်တော်တို့မှာ မြို့နယ်ပညာရေးဂရု(group)ကို  ဆရာ ဆရာမများ၊ ပညာရေးဝန်ထမ်းများအားလုံးပါဝင် ဖွဲ့ပေး ထားပြီး၊   လေ့ကျင့်ပေးထားပြီးလည်းဖြစ်ပါတယ်။  ကျွန်တော်တို့ အသိပေးလိုတာတွေ၊     သိလိုတာတွေ   အကုန်လုံးကို     အဲဒီဂရုက တစ်ဆင့် ဆက်သွယ်လိုက်ရင်    အကုန်သိရှိရပါတယ်။ ကျောင်းအုပ် ကြီးတွေကတစ်ဆင့် ကျောင်းအကျိုးဆောင်အဖွဲ့တွေ၊ ရပ်/ကျေးအုပ် ချုပ်ရေးအဖွဲ့တွေ၊ ကျောင်းသားမိဘများအထိ အလွယ်တကူ သိရှိနိုင် ပါတယ်။

 

မေး။    ။     ကျောင်းအုပ်ကြီးတွေကို အခြားညွှန်ကြားချက်များ ရှိပါသေးလား။

ဖြေ။    ။     ဟုတ်ကဲ့၊   ကျောင်းဖွင့်ရင်    ဆရာ  ဆရာမတွေရော ကျောင်းသူ ကျောင်းသားတွေပါ ကျန်းမာရေးဝန်ကြီးဌာန ရဲ့ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်တွေအတိုင်း စနစ်တကျလက်ဆေးဖို့၊  လက်ဆေးဘေစင်ထားရှိဖို့၊ ကိုယ်အပူချိန်တိုင်းတာမှတ်သားဖို့နဲ့ စာသင်ခန်းအတွင်း   တစ်ဦးနဲ့တစ်ဦး    လေးပေ အကွာမှာနေပြီး စည်းကမ်းချက်တွေလိုက်နာဖို့၊ ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာဖို့    စတဲ့   ညွှန်ကြားချက်တွေ   ချပြထားပြီး ကျောင်းအုပ်ကြီးတွေကလည်း အသိပညာပေးခြင်းတွေကို ဆောင်ရွက် လျက်ရှိကြပါတယ်။

 


မေး။    ။     ကျောင်းတွေဖွင့်ရင် ကျောင်းသားဟောင်းတွေပဲ တက် ခွင့်ရှိပါသလား။   ကျောင်းမအပ်ရသေးတဲ့   ကျောင်းသူ  ကျောင်းသားတွေကိုရော လက်ခံပါသလား။


ဖြေ။    ။     အားလုံးကို လက်ခံပါတယ်။ လောလောဆယ်မှာ Grade-6 မှ Grade-11 အထိ   ကျောင်းသား    ကျောင်းသူတွေကို ဦးစားပေး လက်ခံပေးမှာဖြစ်ပါတယ်။ အရင် ကျောင်းစဖွင့်တုန်းက ကျောင်းအပ်နှံပြီးသားတွေရော ကျောင်းမအပ်ရသေးတဲ့ ကျောင်းသား တွေပါ ကျောင်းလာတက်ကြဖို့ ဖိတ်ခေါ်ပါတယ်။ ကျောင်းအပ်နှံမှု ကိုလည်း လက်ခံဆောင်ရွက်ပေးမှာဖြစ်ပါတယ်။  ကျောင်းသားမိဘ တွေ၊ အုပ်ထိန်းသူတွေကလည်း မိမိတို့ရဲ့ သားသမီးတွေ  အခြား ကျောင်းသူ ကျောင်းသားတွေနဲ့တန်းတူ ပညာသင်ကြားခွင့်ရအောင် ကျောင်းလာတက်ကြဖို့၊ ကျောင်းလာအပ်ပေးဖို့ တိုက်တွန်းမေတ္တာ ရပ်ခံချင်ပါတယ်။

 


မေး။     ။     ဆရာကြီးအနေနဲ့ အခြားဖြည့်စွက်ပြောချင်တာရှိရင်  ပြောကြားပေးပါ။ 


ဖြေ။    ။     နိုင်ငံတော်အကြီးအကဲများရဲ့အစီအမံနဲ့ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့  ကျောင်းသူ ကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးတွေလည်း ထိုးနှံ ပေးပြီးပြီ။ ခုလို ကျောင်းတွေပြန်လည်ဖွင့်ခွင့်ပြုပေးတဲ့အတွက် အတိုင်း မသိဝမ်းသာ ကျေးဇူးတင်မိပါတယ်။ ကျောင်းသားမိဘတွေအနေနဲ့ မိမိရဲ့သားသမီးတွေရဲ့ အနာဂတ်မပျောက်ရလေအောင်  ကျောင်းတွေ ပြန်ဖွင့်တဲ့အခါမှာ ကျောင်းလာတက်ဖြစ်အောင် ဝိုင်းဝန်းကူညီပေးကြပါ။ ကျောင်းလာတက်ပါမှ ကိုဗစ်ရောဂါကာကွယ်ဆေးကိုလည်း အချိန်မီ  အကြိမ်ပြည့် ထိုးနှံပေးနိုင်မှာဖြစ်တယ်။ ကာကွယ်ဆေးထိုးနှံ ပြီးမှဘက်စုံပညာတွေကို လုံခြုံစိတ်ချစွာ သင်ယူခွင့်ရရှိမှာဖြစ်တဲ့ အတွက်  မဖြစ်မနေ  ကျောင်းသို့စေလွှတ်ပေးဖို့   အထူးမေတ္တာရပ်ခံ  ဖြည့်စွက်ပြောကြားလိုပါတယ်။        

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)