နေပြည်တော် အောက်တိုဘာ ၃၀
မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ပိုင် မန္တလေးနို့ချက် စက်ရုံ ပြန်လည်လည်ပတ်ပြီး နို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ် ဖြန့်ဖြူးရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သမဝါယမ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့က ပြုလုပ်သည်။
မန္တလေးနို့ချက်စက်ရုံကို ၁၉၈၅ ခုနှစ် ဇန်နဝါရီလက မန္တလေးတိုင်း သမဝါယမအသင်းစုက စတင်တည်ဆောက် အကောင်အထည်ဖော်ခဲ့ ကြောင်း၊ ၁၉၉၆ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ Myanmar Dairy Industries ကုမ္ပဏီလီမိတက်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ မန္တလေး နို့ချက်စက်ရုံ ပြန်လည်လည်ပတ်ထုတ်လုပ်နိုင်ပါက ထုတ်လုပ်နိုင်မှု စွမ်းအားမှာ တစ်ရက်လျှင် အများဆုံး နို့ဆီဘူး ၁ ဒသမ ၂ သိန်း(တန် ၅၀)မှ အနည်းဆုံး နို့ဆီဘူး ၅၅၄၀၀ (၂၂ တန်) ထုတ်လုပ်နိုင်မည်ဖြစ် ကြောင်း၊ ကုန်ကြမ်းအတွက် လိုအပ်သည့်နွားနို့ကို တံတားဦးမြို့နယ်ရှိ နွားနို့အဝယ်ဒိုင်များမှ ဝယ်ယူမည်ဖြစ်ပြီး အခြားကုန်ကြမ်းပစ္စည်းများ ကိုလည်း ပြည်တွင်းဈေးကွက်မှ ဝယ်ယူမည်ဖြစ်ကြောင်း၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခုမှ ပုဂ္ဂလိကနှင့် သမဝါယမအသင်း များတွင် နို့စားနွားကောင်ရေ ၄၂၄၃ ကောင် မွေးမြူထားရှိရာ နေ့စဉ် နွားနို့ကုန်ကြမ်း ၁၀၉၅၈ ပိဿာကို ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် မန္တလေးနို့ချက်စက်ရုံကို ပြန်လည် လည်ပတ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ပြီး ဈေးနှုန်းသက်သာ ၍ သန့်ရှင်းလတ်ဆတ်သော ပြည်တွင်းထုတ်နို့ဆီဘူးများ၊ နို့နှင့် နို့ထွက်ပစ္စည်းများကို ပြည်သူလူထုက ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်



