
နေပြည်တော် အောက်တိုဘာ ၂၉
စိုက်ပျိုး၊ မွေးမြူရေးကိုအခြေခံသော အသက်မွေးဝမ်း ကျောင်းပညာရပ် ကျွမ်းကျင်သူများ၊ အဆင့်မြင့် ပညာရှင်များ တိုးပွားလာရေးကို အရေးကြီးသော လုပ်ငန်းရပ်တစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နိုင်ငံအတွက်လိုအပ်လျက် ရှိသော ငါးလုပ်ငန်း သိပ္ပံကျောင်းသစ် တည်ထောင် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့ ကျင်းပသည့် ငါးလုပ်ငန်းသိပ္ပံကျောင်းသစ် တည်ထောင်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ဆွေးနွေးပြောကြားသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံအနေဖြင့် ကုန်းတွင်း ရေချိုသယံဇာတများ၊ ရှည်လျားသော ပင်လယ်ကမ်း ရိုးတန်းများတည်ရှိနေမှုအပေါ် ရေထွက်ပစ္စည်းများ ထုတ်ယူသုံးစွဲရာတွင် ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် နိုင်ငံအတွက် အကျိုးစီးပွားဖြစ်ထွန်းရေးကို အလေး ထားဆောင်ရွက်ရန်လိုကြောင်း၊ အဆိုပါ လုပ်ငန်း များ ဆောင်ရွက်ရာတွင် သုတေသနလုပ်ငန်းများ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ငါး၊ ပုစွန် မွေးမြူ ထုတ်လုပ်သူများ၏ လိုအပ်ချက်များ ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် စံပြငါးမွေးမြူရေး ကန်များ ဖော်ဆောင်ပြီး ပြည်ပပို့ကုန်တိုးတက်ရေး မျှော်မှန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ငါးလုပ်ငန်း သိပ္ပံကျောင်းများမှတစ်ဆင့် ရေလုပ်ငန်းတက္ကသိုလ် အဆင့်အထိ တိုးချဲ့ဖွင့်လှစ်နိုင်ရေး မျှော်မှန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ ငါးမွေးမြူရေးစခန်းနှင့် ငါးသင်တန်းကျောင်းကို အဆင့်မြှင့်တင်၍ ငါးလုပ်ငန်းသိပ္ပံကျောင်းဖွင့်လှစ် နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ငါး၊ ပုစွန် မွေးမြူထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ကျွမ်းကျင်သော အလယ်အလတ်အဆင့် ငါး၊ ပုစွန် မွေးမြူရေး အတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်၊ ဒေသခံ ငါးမွေးတောင်သူများနှင့် ပုဂ္ဂလိက လုပ်ငန်း ရှင်များထံ ခေတ်မီ ငါး၊ ပုစွန် မွေးမြူနည်းပညာများ ပြန်လည်ဆင့်ပွားပေးနိုင်ရန်၊ ရေလုပ်ငန်း ပညာရပ် တွင် စိတ်ဝင်စားသော တက္ကသိုလ်ဝင်တန်းအောင် လူငယ်များ တက်ရောက်သင်ကြားစေနိုင်၍ အလုပ် အကိုင် အခွင့်အလမ်းများရရှိစေရန်၊ သိပ္ပံနည်းကျ ငါးမွေးမြူခြင်းမှတစ်ဆင့် ကျေးလက်နေပြည်သူ များ၏ လူနေမှုအဆင့်အတန်း မြင့်မားရေး အကျိုးပြု နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် သင်တန်းကာလ သုံးနှစ်ပြီးမြောက် အောင်မြင်ပါက ဒီပလိုမာဘွဲ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ငါးလုပ်ငန်းသိပ္ပံ ကျောင်းသစ်တည်ထောင်ဖွင့်လှစ်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ငါးလုပ်ငန်းသိပ္ပံကျောင်းဖွင့်လှစ်မည့် အစီအစဉ်၊ သင်ကြားရေးကာလနှင့် စာတွေ့လက်တွေ့ သင်ကြားချိန်၊ ပို့ချမည့်ဘာသာရပ်၊ သင်တန်းတက်ရောက်မည့် သင်တန်းသား အရည် အချင်း၊ ကျောင်းသား ကျောင်းသူများအတွက် သင်တန်းကာလ အထောက်အပံ့ရရှိရေး၊ ထူးချွန် ကျောင်းသား ကျောင်းသူများအတွက် တက္ကသိုလ်များ တွင် ပေါင်းကူးတက်ရောက်နိုင်ရေးနှင့် ကျောင်းဆင်း မောင်မယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးဖော်ဆောင်ပေးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်