
ဂျီနီဗာ အောက်တိုဘာ ၂၆
ဟေတီနိုင်ငံသို့လောင်စာဆီများ ပေးပို့ရာတွင် အခက်အခဲများရှိနေသည့်အတွက် လူ့အသက်ဆုံးရှုံးမှုများအထိ ဦးတည်သွားနိုင်သည်ဟု ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းကသတိပေးခဲ့သည်။
လမ်းများပိတ်နေသည့်အတွက် လောင်စာဆီများ၊ အရေးပေါ်လိုအပ်သည့် ဆေးဘက်ဆိုင်ရာပစ္စည်းများ ပေးပို့ရာတွင် အခက်တွေ့နေပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဝန်ထမ်းများအတွက်လည်း အခက်ကြုံနေရသည်ဟု ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူ စတက်ဖိန်းဒူဂျာရစ်က အောက်တိုဘာ ၂၅ ရက်တွင် ပြောသည်။
အကယ်၍ လိုအပ်သည့်လောင်စာဆီသာ ဆေးရုံ များသို့ မရောက်ရှိပါက လူ့အသက်သေဆုံးမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကိစ္စရပ်များ လုပ်ကိုင်နေကြ သူများက ပြောသည်။ လောင်စာဆီပြတ်တောက်မှုမှာ ဆေးရုံများနှင့် ဆေးဘက်ဆိုင်ရာ စင်တာများတွင် ထိခိုက်လျက်ရှိသည်။
ပေါ်တိုပရင်စ့်မြို့ အပါအဝင် အခြားသော မြို့များရှိ ဆေးရုံများတွင် မီးစက်များ လည်ပတ်ရန် လောင်စာဆီပမာဏမှာ နည်းပါးနေပြီဖြစ်သည်။
ကလေးသုံးရာခန့်နှင့် မိခင် ၄၅ ဦး အခြားသော လူနာ ၇၀ ကျော်ကို ဆေးကုသမှုပေးနေသည့် အဓိက ဆေးရုံကြီးနှစ်ရုံမှာ အောက်တိုဘာ ၂၆ ရက်တွင် အထောက်အပံ့များမရရှိပါက ခေတ္တရပ်နားရတော့ မည်ဟု သိရသည်။
ဆင်ဟွာ