
မော်စကို အောက်တိုဘာ ၂၅
ရုရှားနိုင်ငံ၏ ပထမအကြီးဆုံးမြို့တော်ဖြစ်သည့် မော်စကိုမြို့နှင့် ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် စိန့်ပီတာစဘတ်မြို့တို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထပ်မံမြင့်တက်လာသည့်အတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များကို ပြန်လည်ချမှတ်မည်ဖြစ်ကြောင်း ယနေ့သတင်းများ အရ သိရသည်။
ရုရှားနိုင်ငံ၏ နေ့စဉ်ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူ အရေအတွက်သည် အောက်တိုဘာလလယ်ပိုင်း မှ စတင်ကာ ၃၀၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင်မူ နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၇၀၀၀ အထိ မြင့်တက်ခဲ့ ကြောင်း သိရသည်။
ထို့ကြောင့် ရုရှားနိုင်ငံတစ်ဝန်း၌ လုပ်ငန်း ဆောင်ရွက်မှုများကို အောက်တိုဘာ ၃၀ ရက်မှ စတင်ကာ နိုဝင်ဘာ ၇ ရက်အထိ ခေတ္တရပ်ဆိုင်းထား ရန် အမိန့်ကို ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အများဆုံးဖြစ်သည့် မြို့တော်မော်စကိုကမူ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်တက်နေသည့်အတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များကို အောက်တိုဘာ ၂၈ ရက်မှစတင်ကာ ချမှတ်မည်ဖြစ် ကြောင်း သိရသည်။
ရုရှားနိုင်ငံသည် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ် အောက်တွင် နိုင်ငံလူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်သာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူထားပြီး ဖြစ်ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အလင်းသစ်