
မိုးညှင်း အောက်တိုဘာ ၂၄
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်း မြို့၌ အထက်ဘက်မှမိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် ပေ ၉၀၀ တံတားအစပ် အောက်ခြေအား ရေများတိုက်စားသွား သဖြင့် တံတားချဉ်းကပ်ကားလမ်းပျက်စီး ခဲ့သည့်နေရာအား ယာယီသံပေါင်ဘေလီ တံတား ဆောက်လုပ်ပြီးစီး၍ ယနေ့ နံနက်ပိုင်းမှစတင်ကာ မော်တော်ယာဉ် များ ဖြတ်သန်းသွားလာလျက်ရှိသည်။
အောက်တိုဘာ ၂၂ ရက် နံနက် ၁၁ နာရီခန့်တွင် ကာမိုင်း-လဝါးသွားကား လမ်းမပေါ်ရှိ ပေ ၉၀၀ တံတားအစပ် အောက်ခြေအားရေများ တိုက်စားသွားသဖြင့်တံတားချဉ်းကပ်ကားလမ်းအနံပေ ၂၀၊ အလျား ၁၀ ပေခန့်ပျက်စီးသွားခဲ့ရာဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူ များ အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူများက ကြိုးတားပိတ်ဆို့ထား ရှိပြီး ခရီးသွားပြည်သူများအနေဖြင့် မိုးကောင်း-ပါဟုတ်-ကာမိုင်းလမ်းအတိုင်း သွားလာစေခဲ့ကြောင်း သိရသည်။
အဆိုပါပျက်စီးနေသည့် တံတား ချဉ်းကပ်ကားလမ်းအပိုင်းကို အမြန် ပြုပြင်ဆောင်ရွက်နိုင်ရန် ဖားကန့်မြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မိုးကောင်း မြို့နယ်လမ်းဦးစီးဌာနမှတာဝန်ရှိသူများနှင့် ကာမိုင်းမြို့မှ တာဝန်ရှိသူများ ပူးပေါင်း ၍ အနီးကပ်ကြီးကြပ်ကာ ယာယီသံပေါင် ဘေလီတံတားပေ ၃၀ ခန့် အမြန်ဆောင် ရွက်နိုင်ရန် လိုအပ်သည့် ကျောက်တုံး ကျောက်ခဲများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများသယ်ယူစုဆောင်းပြီး တံတား သံပေါင်တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ချဉ်းကပ် ကားလမ်းဘက်မှ အလျား ၁၀ ပေခန့် ထပ်မံ ပြတ်ကျခဲ့သဖြင့် မူလလျာထားခဲ့မှုအပေါ် ပေ ၄၀ ဘေလီတံတား ထပ်မံတည်ဆောက် သွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ထို့နောက် အောက်တိုဘာ ၂၃ ရက်တွင် ယာယီ သံပေါင်ဘေလီတံတားအား တပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ရာ ၌ တံတားပိုင်ရိုက်ရန် လိုအပ်သောသစ် များနှင့် ကျောက်တုံးကျောက်ခဲများကို ချဉ်းကပ်ကားလမ်းပြတ်ကျသွားသော နေရာတွင် တံတားပိုင်ရိုက်ခြင်း၊ ကျောက်တုံး ကျောက်ခဲများဖြည့်သွင်းခြင်းလုပ်ငန်း များ ဆောင်ရွက်ပြီးစီးခဲ့ရာ အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းမှစတင်၍ မော်တော် ယာဉ်များ ဖြတ်သန်းသွားလာလျက်ရှိ ကြောင်း သိရသည်။
ဇွဲသူရအောင်
(ပြန်/ဆက်)