
မိတ္ထီလာ အောက်တိုဘာ ၂၄
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် ဒေသဝမ်းစာဖူလုံရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မိတ္ထီလာလွင်ပြင်လျှပ်စစ်ရေတင်စီမံကိန်းဖြင့် မိုးစပါး စိုက် ဧက ၂၈၀၀ ကျော် စိုက်ပျိုးနိုင်ကြောင်း ဆည် မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေ အရင်းအမြစ်)မှ သိရသည်။
ဝမ်းတွင်းမြို့နယ်တွင် ဒေသဝမ်းစာဖူလုံရေးနှင့် စိမ်းလန်းစိုပြည်ရေးတို့အတွက် မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင်စီမံကိန်းဖြင့် မိုးစပါးနှင့် အခြားသီးနှံ များကို စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် မိုးစပါး စိုက်ဧက ၂၂၉၇ ဧကနှင့် အခြားသီးနှံ ၄၀၃ ဧက သတ်မှတ်လျာထားပြီး မိတ္ထီလာလွင်ပြင် လျှပ်စစ် ရေတင်စီမံကိန်း အမှတ်(၂) ရေတင်စခန်း(ကုန်းရွာ)၊ အမှတ်(၃)ရေတင်စခန်း (ခင်ကြီး)နှင့် Low Lift စသည့် ရေတင်စခန်းသုံးခုဖြင့် ဇူလိုင် ၁၅ ရက်မှ
စတင်၍ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကုန်းရွာ၊ ညောင်အုပ်ဖီး၊ ညောင်ပင် သာ- ဆည်ရွာ၊ ခင်ကြီး၊ မြေတိုင်ကန်၊ ရေတွင်းကျေးရွာအုပ်စုများရှိ ကျေးရွာများမှ ဒေသခံတောင်သူများက မိုးစပါးများ စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။
ထိုသို့ မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင်စီမံကိန်းဖြင့် မိုးစပါးများ စိုက်ပျိုးရာ ယနေ့အထိ မိုးစပါး ၂၈၆၄ ဧက စိုက်ပျိုးနိုင်သည့်အတွက် ယခုနှစ်တွင် မိုးစပါးစိုက်ဧက သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုး နိုင်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)