
နေပြည်တော် အောက်တိုဘာ ၂၁
အာဆီယံ+၃ နိုင်ငံများ၏ ဘဏ္ဍာရေးနှင့်ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီခွဲတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံမှ Virtual စနစ်ဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်
သည်။
အစည်းအဝေး၏ နံနက်ပိုင်း Informal Session တွင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ အာဆီယံ+၃ မက်ခရိုစီးပွားရေးသုတေသနရုံး (AMRO)နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)တို့မှ တာဝန် ရှိသူများက ကမ္ဘာ့စီးပွားရေးအခြေအနေနှင့် အာရှဒေသ စီးပွားရေးအခြေအနေများကို ခြုံငုံသုံး သပ်တင်ပြကြသည်။
ဆွေးနွေးတင်ပြ
ယင်းသို့တင်ပြရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ကမ္ဘာ့စီးပွားရေးကို ဆက်လက်ထိခိုက်စေ လျက်ရှိကြောင်း၊ ထုတ်လုပ်မှုကွင်းဆက်ယာယီ
ပြတ်တောက်ခြင်းများကြောင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လျက်ရှိကြောင်း၊ ထို့ပြင် အစားအစာနှင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်လာခြင်း ကလည်း ငွေကြေးဖောင်းပွမှုနှုန်းကို မြင့်တက်
စေလျက်ရှိကြောင်း၊ ယင်းအကျိုးဆက်များကြောင့် ပြည်သူ့ကြွေးမြီနှင့် ပုဂ္ဂလိကကြွေးမြီများသည်လည်း သိသိသာသာ မြင့်တက်လာလျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်းကို နိုင်ငံအသီးသီးတွင် စတင်ဆောင်ရွက်နေပြီဖြစ်သော်လည်း ကပ်ရောဂါ သည် စီးပွားရေးပြန်လည်ဦးမော့လာရေး ကြိုးပမ်း မှုများကို တုံ့နှေးစေလျက်ရှိကြောင်း၊ ကာကွယ်ဆေး ထိုးနှံနိုင်ခြင်းသည် စီးပွားရေး ပြန်လည်ဦးမော့လာမှု အတွက် အဓိကအရေးပါလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအပြင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝ ဘေးအန္တရာယ်များဖြစ်ပေါ်မှု၊ Cyber attacks နှင့် geopolitics များသည်လည်း စိန်ခေါ်မှုများ အဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ သို့ဖြစ်ရာ နိုင်ငံ အလိုက် စီးပွားရေးပြန်လည် ဦးမော့လာရေး ကြိုးပမ်း မှုများကို သင့်လျော်သောမူဝါဒ ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးတင်ပြကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အခြားနိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံ၏ စီးပွားရေးသည်လည်း ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့ရပါကြောင်း၊ ကမ္ဘာ့ဘဏ်၊ IMF, ADB နှင့် AMRO တို့၏ Macroeconomic Outlook Reports များတွင် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် သိသိသာသာ ကျဆင်းခဲ့သည်ကို ဖော်ပြထားပါကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံ အနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စီးပွားရေး တိုးတက်မှုနှုန်းကို ၃ ဒသမ ၈ ရာခိုင်နှုန်း ရရှိရန် မျှော်လင့်ထားပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုနှင့် ကာကွယ်ဆေးထိုးနှံမှု ဆောင်ရွက်ချက်များအဖြစ် နိုင်ငံတွင်း ကာကွယ်ဆေး ထိုးနှံခြင်းအစီအစဉ်ကို ဦးစားပေး အုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိကြောင်း၊ ယင်းသို့ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်များကြောင့် ယခုနှစ်ကုန်တွင် ကာကွယ် ဆေးထိုးခွင့်ရှိသူအားလုံး၏ ထက်ဝက် ၅၀ ရာခိုင်နှုန်းကို ထိုးနှံပေးနိုင်ရန် ရည်မှန်း ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် COVID-19 Economic Relief Plan (CERP) ကို ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် စတင်ဆောင် ရွက်ခဲ့ပြီး၊ ယခု အခါ Myanmar Economic Recovery Plan (MERP) ကို ချမှတ်ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိပါ ကြောင်း၊ CERP နှင့် MERP တို့တွင် Stimulus Package များအဖြစ် ဝင်ငွေနည်း ပြည်သူများ အတွက် ထောက်ပံ့မှုများ၊ ပြည်သူ့ကျန်းမာရေးစနစ် တိုးချဲ့ ဆောင်ရွက်မှုများ၊ ကာကွယ်ဆေးဝယ်ယူမှုများ၊ Quarantine Centres များသို့ ပံ့ပိုးမှုများ၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုအများဆုံးခံခဲ့ရသည့် စီးပွားရေးလုပ်ငန်းများသို့ အတိုးနှုန်းသက်သာသော ချေးငွေများ ထုတ်ချေးမည့်အစီအစဉ်များ ပါဝင်
ပါကြောင်း။
မြန်မာနိုင်ငံသည် လက်ရှိတွင် အရေးပေါ် ကာလကို ဖြတ်သန်းလျက်ရှိပြီး နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ကို ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး၊ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး ကိုလည်း စီးပွားရေး ဦးတည်ချက်တစ်ရပ်အဖြစ် ထည့်သွင်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ IMF မှတင်ပြသည့် မူဝါဒဆိုင်ရာ အကြံပြုချက်များ၊ AMRO မှ တင်ပြသည့် အဓိကဆောင်ရွက်သင့်သည့် နည်းလမ်းများ၊ ADB မှ တင်ပြသည့် အာရှဒေသ လယ်ယာ စိုက်ပျိုးရေးစနစ် အသွင်ပြောင်းဆောင်ရွက် သင့်သည့် မူဝါဒများအတွက် ကျေးဇူးတင်ရှိကြောင်း၊ အဆိုပါအကြံပြုမူဝါဒနှင့် နည်းလမ်းများသည်
ဒေသတွင်းနိုင်ငံများ၏ စီးပွားရေး ပြန်လည်ဦးမော့လာရေးကြိုးပမ်းဆောင်ရွက်မှုများတွင် အထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြား သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင်ကျင်းပသည့် အစည်းအဝေး Formal Session တွင် အာဆီယံ+၃ နိုင်ငံများ၏ မူဝါဒရေးရာကိစ္စရပ်များနှင့် အကောင် အထည်ဖော်မှု၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်း စဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြရာ မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ပါဝင်ဆွေးနွေးခဲ့ သည်။
ယခုကျင်းပသည့် အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးမှ ဆွေးနွေးဆုံးဖြတ်ချက်များကို အတည်ပြုနိုင်ရေး အတွက် ၂၀၂၂ ခုနှစ် ဧပြီလတွင် ကျင်းပမည့် အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများ အစည်းအဝေးသို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်