(၁၆) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပ

နေပြည်တော်   အောက်တိုဘာ   ၂၁


(၁၆)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင် ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး နှင့်    ဆက်စပ်အစည်းအဝေးများ  (16th ASEAN   Ministerial  Meeting   on Environment - 16th AMME and Related Meetings)  ကို ယနေ့နံနက် ၈ နာရီခွဲတွင် အင်ဒိုနီးရှားနိုင်ငံက      အိမ်ရှင်အဖြစ် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်     ကျင်းပရာ သယံဇာတနှင့်   သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 


ဖွင့်ပွဲအခမ်းအနားတွင်   (၁၆)ကြိမ် မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်    အစည်းအဝေး အလှည့်ကျ သဘာပတိ အင်ဒိုနီးရှားနိုင်ငံမှ နှုတ်ခွန်းဆက်စကား ပြောကြားသည်။ 


ယင်းနောက် အာဆီယံပတ်ဝန်းကျင် ဆိုင်ရာဝန်ကြီးများက    နိုင်ငံအလိုက် ဆွေးနွေးပြောကြားကြရာ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီက “One vision, One identity,    One community” ဟူသော အာဆီယံအသိုက်အဝန်း ၂၀၂၅ မျှော်မှန်းချက်များနှင့်အတူ အောင်မြင်မှု သမိုင်းမှတ်တိုင်အနေဖြင့် ရေရှည်လက်တွဲ ဆောင်ရွက်မှုကို အထူးဂုဏ်ယူဝမ်းမြောက် ပါကြောင်း၊       စက်မှုလုပ်ငန်းများနှင့် စီးပွားရေး   ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် အတူ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုများ၊  ရာသီဥတုပြောင်းလဲမှုများသည် စိန်ခေါ်မှု ဖြစ်ပြီး   ရှင်သန်နေထိုင်မှုနှင့်  ရေရှည် တည်တံ့ခိုင်မြဲမှုတို့ကိုပါ    ထိခိုက်စေပါ ကြောင်း၊ အာဆီယံဒေသတွင်း ထူးခြား သော   ဂေဟစနစ်များနှင့်  လူနေမှုစနစ် မြင့်မားလာစေရန်အတွက် သစ်တောများ၊ ဒေသမျိုးရင်း အပင်များနှင့် တိရစ္ဆာန်များ၊ သတ္တုတွင်းထွက်ပစ္စည်းများ၊ စိမ့်မြေများ နှင့်   အဏ္ဏဝါအရင်းအမြစ်များသည် မရှိမဖြစ်လိုအပ်ပြီး     အဆိုပါသဘာဝ သယံဇာတနှင့် ဂေဟစနစ်များ ယိုယွင်း ပျက်စီးမှုကို     ကာကွယ်တားဆီးရန် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ သည် အရေးကြီးပါကြောင်း၊ ဒေသတွင်း ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေရန်၊    သန့်ရှင်း၍   စိမ်းလန်းသော အာဆီယံဟူသည့် အာဆီယံ မျှော်မှန်းချက် အား ရရှိစေရန်    ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုသည် အရေးပါသောအခန်း ကဏ္ဍတစ်ရပ် ဖြစ်ပါကြောင်း။


ယခုအစည်းအဝေးသည် ပတ်ဝန်း ကျင်ဆိုင်ရာစီမံခန့်ခွဲမှု        ပူးပေါင်း ဆောင်ရွက်ရေးအတွက် နယ်ပယ်သစ်များ ဖော်ထုတ်နိုင်မည့် မဟာဗျူဟာမြောက် ပလက်ဖောင်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ  ရေရှည်တည်တံ့မှု သည်  မြန်မာနိုင်ငံ၏  စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွင် အဓိက မဏ္ဍိုင်တစ်ခုဖြစ်သဖြင့်      မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာ  မူဝါဒ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာ၊ အမျိုးသားအဆင့်ဇီဝမျိုးစုံ မျိုးကွဲဆိုင်ရာ    မဟာဗျူဟာလုပ်ငန်း စီမံချက်နှင့် မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုမဟာဗျူဟာများ ရေးဆွဲ၍        အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပတ်ဝန်း ကျင်ကို အထောက်အကူပြုသည့် ရင်းနှီး မြှုပ်နှံမှုများ မြှင့်တင်နိုင်ရန် အစိမ်းရောင် စီးပွားရေးချဉ်းကပ်မှုသည် ဒေသတွင်း ကိုဗစ်-၁၉ အလွန် ပြန်လည်ထူထောင်ရေး ဆိုင်ရာ အခွင့်အလမ်းကို ရရှိနိုင်မည်ဖြစ်ပါ ကြောင်း၊ အာဆီယံဒေသတွင်း၌ ပတ်ဝန်း ကျင်ဆိုင်ရာ    ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပိုမို နီးကပ်စွာ အလေးထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။


ဆက်လက်၍    အစည်းအဝေးအစီ အစဉ်အရ အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်      အရာရှိကြီးများအဖွဲ့၏ အလှည့်ကျသဘာပတိအဖြစ်     မြန်မာ နိုင်ငံမှ တာဝန်ရှိသူများက ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး၊   ပင်လယ်ကမ်းရိုးတန်း ထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်း ရေး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးသောမြို့ကြီးများ၊ ဓာတုစွန့်ပစ်ပစ္စည်းများ၊ ပတ်ဝန်းကျင် ဆိုင်ရာပညာပေးရေး၊   ထုတ်လုပ်မှုနှင့် စားသုံးမှုကိစ္စရပ်များဆိုင်ရာ အစီရင်ခံစာ များနှင့်   ရလဒ်များအား   တင်ပြခြင်း၊ အတည်ပြုခြင်းများ ဆောင်ရွက်ကြသည်။


ယင်းနောက် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ   အာဆီယံပူးတွဲကြေညာချက်၊ အာဆီယံ-တရုတ်     အစိမ်းရောင်နှင့် ရေရှည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ပူးတွဲကြေညာချက်၊    ဓာတုပစ္စည်းနှင့် စွန့်ပစ်ပစ္စည်းများ      စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံပူးတွဲကြေညာချက်၊ အာဆီယံ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ပူးတွဲကြေညာချက်၊ ပလတ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ရေး ဆောင်ရွက်မှုအစီအစဉ်၊ အာဆီယံဒေသ တွင်း     ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစီရင်ခံစာ တင်သွင်းခြင်းနှင့် ရေရှည် တည်တံ့သောစားသုံးမှုနှင့် ထုတ်လုပ်မှု ဆိုင်ရာ        သဘောတူညီချက်တို့ကို  အတည်ပြုခြင်းများ ဆောင်ရွက်သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် (၅)ကြိမ်မြောက်   ပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးသော မြို့ကြီးများဆု (Environmentally Sustainable Cities Award- ESC Award) ချီးမြှင့်ခြင်း အစီ အစဉ်ကိုတက်ရောက်ခဲ့ပြီး အာဆီယံနိုင်ငံ အလိုက် ဆုချီးမြှင့်ခဲ့ရာတွင် မြန်မာနိုင်ငံမှ “ညောင်ဦးမြို့”က အဆိုပါဆုကို ရရှိခဲ့သည်။ 


(၁၆)ကြိမ်မြောက် အာဆီယံပတ်ဝန်း ကျင်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်း အဝေးနှင့်  ဆက်စပ်အစည်းအဝေးများ၊ အာဆီယံ+၃ ဝန်ကြီးအဆင့် အစည်းအဝေး များကို    အောက်တိုဘာ  ၂၂ ရက်တွင် ဆက်လက်       ကျင်းပမည်ဖြစ်ကြောင်း သိရသည်။                          

သတင်းစဉ်