အင်းတော်မြို့နယ်တွင် အောက်ဆီဂျင်စက်မှ အောက်ဆီဂျင်များ စတင်ထုတ်လုပ်

 

အင်းတော်  အောက်တိုဘာ  ၂၁


စစ်ကိုင်းတိုင်းဒေသကြီး         အင်းတော်မြို့တွင် အောက်ဆီဂျင်ထုတ်စက်ကြီး     ရောက်ရှိလာပြီး အောက်တိုဘာ ၁၉ ရက်မှ စတင်၍ အောက်ဆီဂျင် များ စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း သိရသည်။

 


အဆိုပါစက်ကြီးရရှိရေးအတွက်      အင်းတော် မြို့နယ် ပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် ဝယ်ယူ ခဲ့ကြကာ  ယခုအခါ အဆိုပါစက်ကြီး    ရောက်ရှိလာ ပြီး  အောက်ဆီဂျင်များ   ထုတ်လုပ်နေပြီဖြစ်သဖြင့်  အင်းတော်မြို့နယ်   ပြည်သူများ    ဝမ်းသာနေကြကြောင်း သိရသည်။

 


ယခင်က  ဆေးရုံတက်လူနာနှင့်     လိုအပ်သော အောက်ဆီဂျင်လုံလောက်မှုမရှိသဖြင့်   အင်းတော် မြို့မှ   မိုင် ၄၀  ဝေးသော   ထီးချိုင့်မြို့နယ်အတွင်းရှိ   နီကယ်စက်ရုံတွင်    နေ့စဉ်  သွားရောက်သယ်ယူသုံးစွဲ နေရသည့်    အခက်အခဲကို   ဖြေရှင်းနိုင်ရန်အတွက် ကော်မတီဖွဲ့ပြီးလိုအပ်သော     အောက်ဆီဂျင်ထုတ် စက်ဝယ်ယူရန်ဆုံးဖြတ်ခဲ့ကြသဖြင့်        ယခုလို အောင်မြင်ခဲ့ကြောင်း သိရသည်။

 


ယင်းစက်၏တန်ဖိုးမှာ အောက်ဆီဂျင်ထုတ်လုပ် နိုင်သည်အထိ  ကုန်ကျငွေကျပ်သိန်း  ၁၀၀၀ ကျော် ကုန်ကြခဲ့ကြောင်း သိရသည်။
ယခုအခါ  အဆိုပါစက်ကြီးမှ   တစ်နာရီလျှင် လီတာ ၄၀ အိုး လေးလုံးထုတ်လုပ်နိုင်ပြီး    တစ်ရက် လျှင် လီတာ ၄၀ အိုး  အလုံး ၈၀  ထုတ်လုပ်နိုင်မည် ဖြစ်သည်။

 

အင်းတော်မြို့နယ်အတွင်းရှိ အောက်ဆီဂျင် လိုအပ်သော လူနာများနှင့် ကိုဗစ်-၁၉ ကူးစက် ရောဂါ ပိုးတွေ့လူနာများအတွက် လိုအပ်သည့်အချိန် အသင့် အသုံးပြုနိုင်တော့မည်ဖြစ်သဖြင့်    အင်းတော်မြို့နယ်       ပြည်သူများ  ဝမ်းမြောက်ဝမ်းသာဖြစ်နေကြောင်း သိရသည်။
                     

လူအောင်(ကသာ)