
နေပြည်တော် အောက်တိုဘာ ၂၁
(၁၆) ကြိမ်မြောက် အာဆီယံ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများ အဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (16th ASEAN Ministerial Meeting on Environment - 16th AMME and Related Meetings) ကို ယနေ့ နံနက် ၈ နာရီခွဲတွင် အင်ဒိုနီးရှား နိုင်ငံက အိမ်ရှင်အဖြစ် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင် မောင်ရီနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
နှုတ်ခွန်းဆက်စကား ပြောကြား
ဖွင့်ပွဲအခမ်းအနားတွင် (၁၆) ကြိမ်မြောက် အာဆီယံပတ်ဝန်း ကျင်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး အလှည့်ကျ သဘာပတိ အင်ဒိုနီးရှားနိုင်ငံမှ နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် အာဆီယံ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီး များက နိုင်ငံအလိုက် ဆွေးနွေး ပြောကြားကြရာ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီက “One vision, One identity, One community” ဟူသော အာဆီယံ အသိုက်အဝန်း ၂၀၂၅ မျှော်မှန်း ချက်များနှင့်အတူ အောင်မြင်မှု သမိုင်းမှတ်တိုင်အနေဖြင့် ရေရှည် လက်တွဲဆောင်ရွက်မှုကို အထူး ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ စက်မှုလုပ်ငန်းများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု များ၊ ရာသီဥတုပြောင်းလဲမှုများ သည် စိန်ခေါ်မှုဖြစ်ပြီး ရှင်သန် နေထိုင်မှုနှင့် ရေရှည်တည်တံ့ ခိုင်မြဲမှုတို့ကိုပါ ထိခိုက်စေပါ ကြောင်း၊ အာဆီယံဒေသတွင်း ထူးခြားသော ဂေဟစနစ်များနှင့် လူနေမှုစနစ် မြင့်မားလာစေရန် အတွက် သစ်တောများ၊ ဒေသ မျိုးရင်းအပင်များနှင့် တိရစ္ဆာန် များ၊ သတ္တုတွင်းထွက်ပစ္စည်းများ၊ စိမ့်မြေများနှင့် အဏ္ဏဝါအရင်း အမြစ်များသည် မရှိမဖြစ်လို အပ်ပြီး အဆိုပါသဘာဝ သယံဇာတနှင့် ဂေဟစနစ်များ ယိုယွင်းပျက်စီးမှုကို ကာကွယ် တားဆီးရန် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုများသည် အရေးကြီး ပါကြောင်း၊ ဒေသတွင်း ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေရန်၊ သန့်ရှင်း၍ စိမ်းလန်းသော အာဆီယံဟူသည့် အာဆီယံ မျှော်မှန်းချက်အား ရရှိစေရန် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု သည် အရေးပါသော အခန်းကဏ္ဍ တစ်ရပ်ဖြစ်ပါကြောင်း။
အလေးထားဆောင်ရွက်
ယခု အစည်းအဝေးသည် ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရေးအတွက် နယ်ပယ်သစ်များ ဖော်ထုတ်နိုင် မည့် မဟာဗျူဟာမြောက် ပလက်ဖောင်းတစ်ခုလည်း ဖြစ် ပါကြောင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့မှုသည် မြန်မာ နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်တွင် အဓိက မဏ္ဍိုင်တစ်ခုဖြစ်သဖြင့် မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်း ကျင်ရေးရာ မူဝါဒ၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာ၊ အမျိုးသားအဆင့် ဇီဝမျိုးစုံ မျိုးကွဲဆိုင်ရာ မဟာ ဗျူဟာ လုပ်ငန်းစီမံချက်နှင့် မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာ ဗျူဟာများရေးဆွဲ၍ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပတ်ဝန်းကျင်ကို အထောက်အကူပြုသည့် ရင်းနှီး မြှုပ်နှံမှုများ မြှင့်တင်နိုင်ရန် အစိမ်းရောင်စီးပွားရေး ချဉ်းကပ် မှုသည် ဒေသတွင်း ကိုဗစ်-၁၉ အလွန် ပြန်လည်ထူထောင်ရေး ဆိုင်ရာ အခွင့်အလမ်းကို ရရှိနိုင် မည်ဖြစ်ပါကြောင်း၊ အာဆီယံ ဒေသတွင်း၌ ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပိုမို နီးကပ်စွာ အလေးထားဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေး အစီအစဉ်အရ အာဆီယံပတ်ဝန်း ကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိ ကြီးများအဖွဲ့၏ အလှည့်ကျ သဘာပတိအဖြစ် မြန်မာနိုင်ငံမှ တာဝန်ရှိသူများက ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး၊ ပင်လယ်ကမ်းရိုး တန်း ထိန်းသိမ်းရေး၊ ရေသယံ ဇာတထိန်းသိမ်းရေး၊ ရာသီဥတု ပြောင်းလဲမှုလျှော့ချရေး၊ စဉ်ဆက် မပြတ် ဖွံ့ဖြိုးသောမြို့ကြီးများ၊ ဓာတုစွန့်ပစ်ပစ္စည်းများ၊ ပတ်ဝန်း ကျင်ဆိုင်ရာ ပညာပေးရေး၊ ထုတ်လုပ်မှုနှင့် စားသုံးမှုကိစ္စရပ် များဆိုင်ရာ အစီရင်ခံစာများနှင့် ရလဒ်များအား တင်ပြခြင်း၊ အတည်ပြုခြင်းများ ဆောင်ရွက်ကြသည်။
အတည်ပြုခြင်းများ ဆောင်ရွက်
ယင်းနောက် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အာဆီယံ ပူးတွဲကြေညာချက်၊ အာဆီယံ-တရုတ် အစိမ်းရောင်နှင့် ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပူးတွဲကြေညာချက်၊ ဓာတုပစ္စည်း နှင့် စွန့်ပစ်ပစ္စည်းများစီမံခန့်ခွဲမှု ဆိုင်ရာ အာဆီယံပူးတွဲကြေညာ ချက်၊ အာဆီယံဇီဝ မျိုးစုံမျိုးကွဲ ဆိုင်ရာ ပူးတွဲကြေညာချက်၊ ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ရေး ဆောင်ရွက်မှု အစီအစဉ်၊ အာဆီယံဒေသတွင်း ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အစီရင်ခံစာ တင်သွင်းခြင်းနှင့် ရေရှည်တည်တံ့သော စားသုံးမှုနှင့် ထုတ်လုပ်မှုဆိုင်ရာ သဘောတူညီ ချက်တို့ကို အတည်ပြုခြင်းများ ဆောင်ရွက်သည်။
မြို့ကြီးများဆုချီးမြှင့်
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် (၅) ကြိမ်မြောက် ပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက် မပြတ် ဖွံ့ဖြိုးသော မြို့ကြီးများဆု (Environmentally Sustainable Cities Award- ESC Award) ချီးမြှင့်ခြင်း အစီအစဉ်ကို တက်ရောက်ခဲ့ပြီး အာဆီယံနိုင်ငံ အလိုက် ဆုချီးမြှင့်ခဲ့ရာတွင် မြန်မာနိုင်ငံမှ “ညောင်ဦးမြို့”က အဆိုပါဆုကို ရရှိခဲ့သည်။
(၁၆) ကြိမ်မြောက် အာဆီယံ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများ အဆင့်အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ၊ အာဆီယံ+၃ ဝန်ကြီးအဆင့် အစည်းအဝေးများ ကို အောက်တိုဘာ ၂၂ ရက်တွင် ဆက်လက်ကျင်းပမည် ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်