
လပွတ္တာ အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင် ဝင်းနှင့် အနောက်တောင်တိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်တို့က လပွတ္တာမြို့နယ် လပွတ္တလုပ်တောင်ကျေးရွာအုပ်စု ဘုရားကြီးကုန်း ကျေးရွာ ရှင်စောမြတ်စေတီတော် တတိယအကြိမ် စိန်ဖူးတော် အထွတ်တင်မင်္ဂလာ၊ မြတ်တိဂုံလောက နိဗ္ဗာန် ပုထိုးစေတီမြတ် စိန်ဖူးတော်၊ ငှက်မြတ် နားတော် တင်လှူပူဇော်ခြင်းနှင့် ရှင်အရဟံ ၁၀၀၄ နှစ်ပြည့် ၁၈ နှစ် (၁၈) ကြိမ်မြောက် ရက်ပေါင်း ၉၀ အဘိဓမ္မာ (၇) ကျမ်း အသံမစဲ ရွတ်ဖတ်ပူဇော်ပွဲကို ရှင်စောမြတ်စေတီတော်ကြီး ဓမ္မာရုံ၌ ယနေ့နံနက် ၈ နာရီခွဲက ကျင်းပသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော် သံဃနာယကအဖွဲ့ ဘဒ္ဒန္တပညာဓဇ (အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ပုစွန်တောင်သာယာကုန်း ကျွန်း ပြဿာဒ် ကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော် အရှင်သူမြတ် များကလည်း ပရိတ်တရားတော်များ ရွတ်ဖတ် ပူဇော်ကြသည်။
ရှင်စောမြတ်စေတီတော်မြတ်ကြီးတွင် တင်လှူ ပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ မြတ်တိဂုံ လောကနိဗ္ဗာန်ပုထိုးစေတီတွင် ကပ်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် မဟာနာယကဆရာတော်နှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ထံသို့ ဆက်ကပ်လှူဒါန်းခြင်း၊ ပင့်သံဃာဆရာတော်ကြီးများ နှင့် ရှင်အရဟံ ၁၀၀၄ နှစ်ပြည့် ၁၈ နှစ် (၁၈)ကြိမ် မြောက် ရက်ပေါင်း ၉၀ အဘိဓမ္မာ (၇) ကျမ်း အသံမစဲရွတ်ဖတ် ပူဇော်ကြသည့် ဆရာတော်များ အား လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ သန်လျင်မြို့နယ် နယ်လှည့် စတုဒီဿနတ်စင် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ ပညာတေဇက ဝမ်းမြောက်ကြောင်း မုဒိတာပွားမြွက်ကြားပြီး သုံးခွမြို့ မြို့မရေလည်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ နန္ဒာလင်္ကာရ အရှင်မြတ်က လှူဒါန်းမှုအစုစုတို့အတွက် အနုမော ဒနာတရား ချီးမြှင့်၍ ရေစက်ချအမျှပေးဝေ ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က ရှင်စောမြတ်စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော် မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ မြတ်တိဂုံ လောကနိဗ္ဗာန် ပုထိုးစေတီတွင် ကပ်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား ပင့်ဆောင်၍ တင်လှူပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ရွှေမိုးငွေမိုး များ ရွာသွန်းပေးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ် ၂ မိုင် စံပြစပါးကွက်တွင် အောင်မြင်ဖြစ်ထွန်းသော စပါးများကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ လပွတ္တာမြို့ ၃ မိုင် ခုတင် ၂၀၀ ပြည်သူ့ဆေးရုံအတွင်းရှိ ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံပြီး လပွတ္တာမြို့ ၃မိုင် မြို့သစ်တွင် အိုးအိမ် ဦးစီးဌာနက ဆောက်လုပ်ထားသည့် အိမ်ရာကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)