
နေပြည်တော် အောက်တိုဘာ ၁၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်း (ပုသိမ်ကြီး)တို့ ပူးပေါင်းဆောင်ရွက်သည့် အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်သင်တန်းကိုအောက်တိုဘာ ၅ ရက် မှ ၈ ရက်အထိ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် သရက်ကုန်း ငါးလုပ်ငန်းစခန်းဝင်းအတွင်းရှိ ရေချိုငါးမွေးမြူရေး သုတေသနနှင့် တိုးချဲ့ပညာပေးရေး ဗဟိုဌာနတွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် မန္တလေးတိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးကျော်ကျော်မင်းက သင်တန်း ဖွင့် အမှာစကားပြောကြားရာတွင် ဆရာ ဆရာမ တို့ သင်ကြား ရေးတွင် ဆက်စပ်လျက်ရှိသည့် ငါးလုပ်ငန်းဆိုင်ရာ လုပ်ငန်းများ နှင့် စပ်လျဉ်းသည့် ဘာသာရပ် များကို သင်ကြားပို့ချရေးအပြင် လက်တွေ့များကို တစ်ပါတည်း သင်ကြားပို့ချမည် ဖြစ်ကြောင်း၊ စမ်းသပ် သုတေသနပြုလုပ်ရန် အတွက် ရေချိုသုတေသနဌာန တွင်လည်း မွေးမြူရေးဆိုင်ရာ သုတေသန လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်နိုင်ကြောင်း၊ ငါးလုပ်ငန်းနှင့် ပတ်သက်ပြီး ရရှိလာသည့် နည်းပညာအသစ် များကို လက်ဆင့်ကမ်း ဝေမျှ သွားရန်၊ တိုင်းရင်းငါးမျိုးများ ရေရှည်တည်တံ့ ထိန်းသိမ်းနိုင်ရေး နှင့် ငါးသားပေါက်များကို မျိုးသုဉ်းမှုအန္တရာယ်မှ ကာကွယ် နိုင်ရန် စာတွေ့နှင့် လက်တွေ့ ပေါင်းစပ်ပြီး မိမိတို့လုပ်ငန်းခွင် ရောက်ရှိ တာဝန်ထမ်းဆောင် သည့် နေရာများ၏ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက် ကောင်းမွန်စေရန်၊ ငါးမွေးမြူရေး နည်းပညာဖြန့်ဖြူး သင်ကြားပေးရန် ရည်ရွယ်ပြီး ဖွင့်လှစ်ပို့ချခြင်း ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းတွင် ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (GAqP) နှင့် ပတ်သက်၍ ဆောင်ရွက်ထားရ မည့်အခြေအနေနှင့် လိုက်နာ ဆောင်ရွက်ရမည့် စည်းမျဉ်း စည်းကမ်းများ၊ မျိုးငါးပြုစုခြင်းနှင့် ဆေးထိုးသားဖောက်ခြင်း၊ Biofloc အစာမွေးမြူရသည့် အကြောင်း အရင်း၊ မွေးမြူနည်းအဆင့်ဆင့် နှင့် အစာမွေးမြူသုတေသနပြု စမ်းသပ်ချက်များ၊ ရေချိုငါးများ မွေးမြူထုတ်လုပ်ခြင်း၊ အပင်နှင့် ငါး(Aquaponic)တွဲဖက်မွေးမြူခြင်း၊ ငါးရောဂါဖြစ်ပွားရသည့် အကြောင်း အရင်း၊ ရေအရည်အသွေးတိုင်းတာ စစ်ဆေးခြင်း၊ သက်ရှိအစာ ရေချို Chlorella မွေးမြူခြင်း၊ ငါးကြင်း၊ တီလားပီးယားနှင့်Catfishမျိုးစိတ်များ၏ နေထိုင်ကျက်စားမှု မွေးမြူ နည်းပုံစံများ စသည့်ဘာသာရပ် များကို ပို့ချပေးကြောင်း သိရ သည်။ သတင်းစဉ်