
ရန်ကုန် မတ် ၂၁
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်း အမှတ် (၂၂၈) ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံအဆောက်အအုံအတွင်းရှိ မြန်မာရေးရာလေ့လာ ရေးအဖွဲ့ရုံး၌ ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ဆွေးနွေး မှာကြားသည်။
အစည်းအဝေးသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာရေးရာလေ့လာရေးအဖွဲ့မှ ပညာရှင်များဖြစ်ကြသော ဦးအေးမောင် (အေးမောင်ကျော်)၊ ဦးသန်းအုန်း (မောင်ဇေယျာ)နှင့် ဦးရဲမြင့်ကျော်တို့ တက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် မြန်မာရေးရာလေ့လာရေးအဖွဲ့ကို ၂၀၁၆ ခုနှစ် ဇွန် ၁၅ ရက်မှစ၍ ဖွဲ့စည်းခဲ့မှု၊ သုတေသနအခြေခံစာစောင်များ ထုတ်ဝေနေမှု နှင့် ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့မှုတို့အပေါ် ပြန်လည် သုံးသပ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များ လျာထားသတ်မှတ်ခြင်းတို့ကို ဆွေးနွေးကြ သည်။
မြန်မာရေးရာလေ့လာရေးအဖွဲ့(Center for Myanmar Affairs Studies)ကို မြန်မာနိုင်ငံတွင် သုတေသနလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးရေး၊ သုတေသန အခြေခံစာစောင်များ ထုတ်ဝေနိုင်ရေး၊ ပညာရပ်ဆိုင်ရာဆွေးနွေးပွဲများ ကျင်းပ နိုင်ရေး ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၁၆ ခုနှစ် ဇွန် ၁၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး သုတေသနအခြေခံ စာစောင်များဖြစ်သော မြန်မာရေးရာ၊ ကမ္ဘာရေးရာနှင့် တိုင်းရင်းသားရေးရာ စာစောင်များ ထုတ်ဝေခြင်း၊ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း အမှတ်(၁၀၂)ရှိ နဝဒေးရုပ်ရှင်ရုံးဝင်းအတွင်း၌ အမျိုးသားဖလင်မော်ကွန်းတိုက် ဆောက်လုပ်ရေးစီမံကိန်း လျာထားမြေနေရာကို ကြည့်ရှုစစ်ဆေးခဲ့သည်။
သတင်းစဉ်