
ကောလာဟလတွေ နားဝင်ပြီး လမ်းမှားပေါ် မရောက်ပါစေနဲ့ ၊ အားလုံးအတူ
သတိ၊ ဝီရိယ၊ ပညာကိုအားထားပြီး COVID - 19 စိန်ခေါ်မှုကြီးကို အတူအနိုင်ယူကြ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူပြည်သား အပေါင်းရှင့်၊
ယခု COVID-19 ရောဂါနဲ့ပတ်သက်တဲ့ နောက်ဆုံးအခြေအနေကို အများသိရှိနိုင်ဖို့ အစီရင်ခံတင်ပြလိုက်ပါတယ်။
မနေ့က COVID-19 ရောဂါကူးစက်ခံထားရသူ နှစ်ဦး တွေ့ရှိခဲ့ပါတယ်။ ချင်းပြည်နယ်မှာ အမေရိကန်ပြည်ထောင်စုမှ ပြန်လာတဲ့ အမျိုးသားတစ်ဦးနဲ့ ရန်ကုန်မှာ ယူကေမှ ပြန်ရောက်လာတဲ့ အမျိုးသားတစ်ဦးဖြစ်ပါတယ်။ နှစ်ဦး စလုံး ဆေးကုသမှုခံယူနေပြီး၊ ယခုထိ စိုးရိမ်ရမယ့်အခြေအနေမှာ မရှိဘူးလို့ သိရပါတယ်။
ဒီလို ရောဂါကူးစက်နေသူနှစ်ဦး တွေ့ရှိရကြောင်း သတင်းထွက်လာ တာနဲ့ စိုးရိမ်ပူပန်၊ တုန်လှုပ်ကြောက်ရွံ့သူတွေ ရှိကြမယ်ဆိုတာ ခန့်မှန်း နိုင်ပါတယ်။ ကျွန်မအနေနဲ့ နိုင်ငံတော်အစိုးရကို ကိုယ်စားပြုပြီး ပြည်သူတွေ ကို ပန်ကြားချင်တာကတော့၊ ကြောက်လန့်တုန်လှုပ်ခြင်း မရှိကြပါနဲ့၊ ခေါင်းအေးအေးထားပြီး သတိကြီးစွာနဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ အခြား အစိုးရဌာနများရဲ့ ထုတ်ပြန်ထားတဲ့ COVID-19 နဲ့ ပတ်သက်တဲ့ ညွှန်ကြားချက် တွေကို လိုက်နာကြဖို့ပဲ ဖြစ်ပါတယ်။
COVID-19 ရောဂါဟာ ထိန်းချုပ်လို့ရကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောထားပြီးဖြစ်ပါတယ်။ ရောဂါရသူတွေထဲမှ ကွယ်လွန်အနိစ္စ ရောက်တဲ့ ရာခိုင်နှုန်းဟာ ၄ ဒသမ ၄ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကုသလို့ရတဲ့ ရောဂါဆိုတာလည်း ထင်ရှားပါတယ်။ ကွယ်လွန်သူများဟာ ရောဂါအခံ ရှိသူများ၊ ကိုယ်ခံအားနည်းသူများနဲ့ ကုသမှုခံယူခြင်း နောက်ကျသူများ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရောဂါဖြစ်နိုင်ခြေများသူများအနေနဲ့ အထူး ဂရုတစိုက်နေကြဖို့ တိုက်တွန်းချင်ပါတယ်။ ပိုပြီးအရေးကြီးတဲ့အချက် ကတော့ စောစီးစွာဆေးကုသမှု ခံယူနိုင်ရေးဖြစ်ပါတယ်။ ရောဂါလက္ခဏာ ပေါ်လာပြီလို့ ထင်စရာဖြစ်လာတာနဲ့ ချက်ချင်း၊ နေ့မရွှေ့၊ ညမရွှေ့၊ အနီးဆုံး ကျန်းမာရေးဌာနသို့ သွားစေချင်ပါတယ်။
“စောစောပြော၊ စောစောသိ၊ အားလုံးအကျိုးရှိ” ဆိုတဲ့ အတိုင်းပဲ ကျန်းမာရေးဌာနကို စောစောပြောသင့်တာ ပြောပါ။ ယခုအချိန်မှာဆိုရင်၊ ရောဂါရှိကြောင်း သိရှိရသူ နှစ်ဦးနဲ့ ထိတွေ့မှုရှိခဲ့သူများအားလုံး အစောဆုံး ကျန်းမာရေးဌာန ကို အသိပေးပါ။ ဒါဟာ ကိုယ့်လုံခြုံရေး၊ ကိုယ့်ပတ်ဝန်းကျင်ရဲ့ လုံခြုံရေး နှစ်ရပ်စလုံးအတွက် ဖြစ်ပါတယ်။ တီးတိန်မှ ပြည်သူအချို့ အစိုးရိမ်လွန်ပြီး တီးတိန်မှ ထွက်ခွာနေကြတယ်လို့သိရပါတယ်။ ဒီလိုလုပ်ခြင်းဟာ ဘယ်သူ့ ကိုမှ အကျိုးမပြုနိုင်ပါဘူး။ တကယ်ပဲ ရောဂါပိုးရှိနေပြီဆိုရင် ဘယ်သွားသွား ကိုယ်နဲ့အတူ ပါသွားမှာပါ။ ကိုယ့်ရပ်ရွာမှာ ကျန်းမာရေးဌာနကို သွားပြီး အစစ်ခံပါ။ လိုအပ်တဲ့ကုသမှုခံယူပါ။ ကိုယ့်စိုးရိမ်စိတ်ကြောင့် အများကို ပျံ့နှံ့ ကူးစက်တာမျိုး မဖြစ်ပါစေနဲ့။
ယခုအချိန် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားများ ပြည်တွင်းကို အစုလိုက်၊ အပြုံလိုက် ပြန်လည်ဝင်ရောက် နေတာကို လက်ခံလျက် ရှိပါတယ်။ ပြန်လာသူများမှတစ်ဆင့် ရောဂါကူးစက် ဖြစ်ပွားမှု မရှိစေရေးအတွက် နေအိမ် (သို့မဟုတ်) သတ်မှတ်နေရာများတွင် နေထိုင်စေပြီး (၁၄) ရက်တာကာလ အသွားအလာကန့်သတ်ခြင်း (home/ facility quarantine) နဲ့ စောင့်ကြပ်ကြည့်ရှုခြင်း တို့ကို ဆောင်ရွက်လျက်ရှိရာ ပြန်ရောက်လာကြသူများအနေနဲ့ တာဝန်သိ၊ တာဝန်ရှိစွာနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်စေလိုပါတယ်။ မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ရောက်ရှိ လာသူများအနေနဲ့ စိုးရိမ်စိတ်ကြောင့် ပုန်းကွယ်ရှောင်တိမ်းခြင်း မပြုကြဖို့ အရေးကြီးပါတယ်။ ကိုယ့်မှာ ကိုယ်ပူဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်း နွမ်းနယ်ခြင်း စတဲ့ COVID-19 ရောဂါ သံသယလက္ခဏာ တစ်စုံတစ်ရာ ရှိ၊ မရှိကို ကျန်းမာရေးဌာနသို့ တယ်လီဖုန်းနဲ့ နေ့စဉ်ပုံမှန်မပျက်မကွက် အကြောင်းကြားရမှာ ဖြစ်ပါတယ်။ ဒီသတင်းပေးပို့မှသာ ကျန်းမာရေးဌာန အနေနဲ့ လိုအပ်က ချက်ချင်းအခမဲ့ဆေးကုသမှု ပေးနိုင်မှာဖြစ်ပါတယ်။ နေအိမ်မှာ(၁၄)ရက်တာကာလ အသွားအလာ ကန့်သတ်နေထိုင်သူများ အနေနဲ့လည်း ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားတဲ့ လိုက်နာရမယ့် အချက်တွေကို မဖြစ်မနေ တိကျစွာ လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ခြင်းနဲ့ ရောဂါဖြစ်ပွားမှုရှိပါက ချက်ချင်းသိရှိပြီး လျင်မြန်စွာ ကုသမှုပေးနိုင်မှာပါ။ ကိုယ့်ရဲ့ အိမ်သားများနဲ့ အိမ်နီးချင်းများကို ရောဂါ မကူးစက်စေအောင် ထိရောက်စွာ တားဆီးထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ စောစီးစွာ ဆေးကုသမှုပေးနိုင်ခြင်းဖြင့် အသက်သေဆုံးမှုကို ထိရောက်စွာ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
COVID-19 ကူးစက်ခံရသူနှစ်ဦး တွေ့တယ်လို့ သတင်းထွက်လာတာနဲ့ တစ်ပြိုင်တည်း ရိက္ခာတွေ၊ ဆေးတွေ အလုအယက် ထွက်ဝယ်သူတွေလည်း ရှိပါတယ်။ ရိက္ခာပြတ်နိုင်တဲ့ အလားအလာ မရှိပါဘူး။ လူအုပ်ထဲ သွားတိုး ဝယ်လို့ ရောဂါကူးမယ့် အလားအလာက ပိုများပါတယ်။ မပြန့်ပွားဖို့အတွက် ပြည်သူတွေသာ အဓိကပါ၊ ပြည်သူတွေရဲ့ စိတ်တည်ငြိမ်မှု အင်အားကသာ အဓိကဖြစ်ပါတယ်။
အစိုးရအနေနဲ့ အများပြည်သူများအတွက် မရှိမဖြစ် လိုအပ်တဲ့ ဝန်ဆောင် မှုလုပ်ငန်းတွေ၊ ဈေးတွေနဲ့ အရောင်းအဝယ်စင်တာတွေကို ပိတ်သိမ်းဖို့ အစီအစဉ်မရှိတာကို အသိပေးပြောလိုပါတယ်။ ဈေးဝယ်တဲ့အခါ မိသားစု လိုက်၊ အစုအဖွဲ့လိုက်မသွားဘဲ တစ်ဦးတည်းတစ်ယောက်တည်း တာဝန် ယူပြီး မိသားစုအတွက် အမှန်တကယ်လိုအပ်တဲ့ ပမာဏကိုပဲ သွားရောက် ဝယ်ယူကြစေလိုပါတယ်။
လုပ်ငန်းတွေ၊ စက်ရုံတွေ၊ အလုပ်ရုံတွေကို ပိတ်မယ်၊ မြို့ရွာအဝင်၊ အထွက်တွေကို ပိတ်မယ်ဆိုတဲ့ မဟုတ်မမှန်သတင်းတွေ ပျံ့နှံ့နေပါတယ်၊ ဒီလိုကောလာဟလတွေကြောင့် ပြည်သူတွေအနေနဲ့ အထိတ်တလန့် မဖြစ် ကြပါနဲ့။
အဂတိတရားလေးပါးကို သိကြပါတယ်နော်။ အဂတိဆိုတာ မမှန်ကန် တဲ့လမ်းပါ။ မမှန်ကန်တဲ့ လမ်းပေါ်ကို တွန်းပို့တာကတော့ ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟတို့ပဲ ဖြစ်ပါတယ်။ ယခု ကျွန်မတို့အားလုံး အခြားနိုင်ငံများနည်းတူ ရင်ဆိုင်နေရတဲ့ COVID-19 နဲ့ ပတ်သက်လို့ လမ်းလွဲပေါ်မရောက်သွားဖို့ အရေးကြီးပါတယ်။
ဆန္ဒက တွန်းပို့လို့ မလုပ်သင့်မလုပ်ထိုက်တာတွေ လူစုလူဝေးဖြစ်စေ ခြင်း၊ ရိက္ခာတွေ၊ ဆေးဝါးတွေ စုဆောင်းခြင်း၊ ကျန်းမာရေး ညွှန်ကြားချက် တွေ မလိုက်နာခြင်းဆိုတာကို ရှောင်ပါ။
ဒေါသက တွန်းပို့လို့၊ မလိုတမာစိတ်နဲ့ မမှန်သတင်းတွေ လူအများ ထိတ်လန့်ပြီး ရပ်ရွာတည်ငြိမ်မှု ထိခိုက်စေမယ့်စကားတွေ ပြန့်ပွားစေခြင်းကို ရှောင်ပါ။
ဘယာ၊ အကြောက်တရားလွန်ပြီး ရိက္ခာစုဆောင်းခြင်း၊ ရောဂါလက္ခဏာ ဖုံးကွယ်ထားခြင်းများကို ရှောင်ပါ။
မောဟ၊ နိုင်ငံတော်အစိုးရဌာနအသီးသီးက ထုတ်ပြန်ချက်တွေကို မလေ့လာဘဲ အထင်အမြင်မှားပြီး မလုပ်သင့်တာတွေလုပ်၊ လုပ်သင့်တာတွေ မလုပ်ခြင်း၊ ဒီအဂတိတရား (၄) ပါးကို ရှောင်ကြပါလို့ ကျွန်မအနေနဲ့ မေတ္တာ ရပ်ခံချင်ပါတယ်။
ဆန္ဒ မျှားခေါ်ရာ မလိုက်ပါနဲ့၊ ညီညီညွတ်ညွတ်နဲ့ ကိုယ်ချင်းခွာနေရပေ မယ့် နှလုံးသားနီးကပ်မှုနဲ့ စိန်ခေါ်မှုတွေကို အတူပူးပေါင်းရင်ဆိုင်ကြမယ်။
ဒေါသ တွန်းပို့ရာ မရွေ့ပါနဲ့။ အချင်းချင်းကြား မေတ္တာပွားပြီး စိန်ခေါ်မှု တွေကို အားလုံးအတူတူ ကျော်လွှားကြမယ်။
ဘယာ ဖိချရာ မကျပါနဲ့၊ နိုင်ငံ့အင်အား၊ ပြည်သူ့အင်အားတွေ စုစည်းပြီး စိန်ခေါ်မှုတွေကို မားမားမတ်မတ်ရင်ဆိုင်ကြမယ်။
မောဟ ဆွဲနှစ်ရာ မနစ်ပါနဲ့ COVID - 19 နဲ့ပတ်သက်လို့ အစိုးရဌာန အသီးသီးက ထုတ်ပြန်ချက်တွေကို လေ့လာပါ။ ကောလာဟလတွေ နားဝင်ပြီး လမ်းမှားပေါ် မရောက်ပါစေနဲ့၊ အားလုံးအတူ သတိ၊ ဝီရိယ၊ ပညာကို အားထားပြီး COVID - 19 စိန်ခေါ်မှုကြီးကို အတူအနိုင်ယူကြပါမယ်။
ကောင်းမွန်တဲ့ အစိုးရအုပ်ချုပ်မှုစနစ်ရဲ့အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ တာဝန်ယူ၊ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုကို အခြေခံပြီး ကျွန်မတို့အစိုးရ အနေနဲ့ ပြည်သူများသိသင့်၊ သိထိုက်တဲ့ကိစ္စတွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်သွားမှာဖြစ်ပါတယ်။
ပြည်သူတွေသာ အဓိကပါ။ ကျေးဇူးတင်ပါတယ်။