
နေပြည်တော် မတ် ၂၆
COVID -19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၏ ဝန်ထမ်းများ က ပြည်သူများနှင့် ပူးပေါင်းပြီး ရပ်ကွက်၊ ကျေးရွာများအရောက် ပညာပေးခြင်း လုပ်ငန်းများတွင် ထိရောက်စွာ ပူးပေါင်းဆောင်ရွက် ပေးရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနရှိ နေပြည်တော်ကောင်စီအပါ အဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၅)ခုရှိ ဦးစီးမှူးများအား အင်တာနက်ကွန်ရက် Video Conferencing ဖြင့် ယနေ့နံနက်ပိုင်းက ညှိနှိုင်းဆွေးနွေးသည်။(အောက်ပုံ)
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဝန်ထမ်းများအနေဖြင့် COVID -19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အရေးအကြီးဆုံး ဖြစ်သည့် ပြည်သူများအား ထိရောက် စွာ အသိပညာပေးခြင်းလုပ်ငန်းကို မူလတာဝန်များနှင့် ပူးတွဲဆောင်ရွက် ကြရန်ဖြစ်ကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနက ညွှန်ကြားထားသော COVID -19 ရောဂါဆိုင်ရာ လိုက်နာ ဆောင်ရွက်ရန်များကို ပြည်သူများ ပိုမိုသိရှိ သဘောပေါက်နားလည် ကြရန် ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊ ဤရောဂါသည် ကမ္ဘာ့ နိုင်ငံအများအပြားတွင် ဖြစ်ပွားပျံ့နှံ့ နေပြီဖြစ်သောကြောင့် ရောဂါပိုး ကူးစက် ပြန့်ပွားမှုများသော နိုင်ငံများ မှ ပြန်လာကြသူများကို ရောဂါပိုး ကူးစက်ခံရနိုင်သည်ဟု ယူဆ သတ်မှတ်ရမည်ဖြစ်ကြောင်း၊ ထိုသူ များကိုလည်း နားလည်အောင် မိမိတို့ က ရှင်းပြပေးနိုင်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ယူဆပြီးဆောင်ရွက်ခြင်းသည် ၎င်းတို့ကိုယ်တိုင်အတွက် သာမက ၎င်းတို့၏ မိခင်၊ ဖခင် မိသားစုဝင် အဘိုး၊ အဘွားများ အတွက်လည်း ဖြစ်ကြောင်းကို သိရှိသဘောပေါက် အောင် ရှင်းပြနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားမှ ပြန်လည်ဝင်ရောက်လာ ကြသူများသည် (၁၄) ရက်ကြာ သီးခြားခွဲ၍ နေထိုင်ကြရန် အရေးကြီး ပြီး ယခုလိုဆောင်ရွက်စေခြင်းသည် ခွဲခြားဆက်ဆံခြင်း လုံးဝမဟုတ်ဘူး ဆိုသည်ကို သိရှိအောင် ရှင်းပြနိုင် ရမည်ဖြစ်ကြောင်း၊ ထိုသူများအတွက် နေထိုင်စားသောက်ရေး အစီအမံ များ၊ နေရပ်ပြန်လည်ရောက်ရှိချိန် တွင် ပြည်သူလူထု၏ ဝိုင်းဝန်း ပူးပေါင်းကူညီစောင့်ရှောက်ပေးမှုဖြင့် သတ်မှတ်နေရာ အဆောက်အဦ များတွင် ထားရှိပြီး အသွားအလာ ကန့်သတ်ခြင်း အစီအစဉ် (Comm-unity Based Facility Quarantine) တစ်ခုသတ်မှတ်ပြီး စီစဉ်ဆောင်ရွက် နိုင်ပါက အကောင်းဆုံးဖြစ်ကြောင်း၊ သို့မဟုတ် ၎င်းတို့နေအိမ်၌ နေထိုင်လို ပါကလည်း မိသားစုဝင်များနှင့် သီးခြားနေထိုင်စေလိုပြီး ထိတွေ့ ဆက်ဆံမှုများ မပြုလုပ်ကြ ရန် အလွန်အရေးကြီးကြောင်းကို ရှင်းလင်းပြကြရန် ဖြစ်ကြောင်း။
အသိပညာပေးမှုများကို ရပ်ကွက်၊ ကျေးရွာများတွင် ပိုမိုထိရောက်အောင် အသံချဲ့စက်များဖြင့် လှည့်လည်၍ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ နိုင်ငံခြားမှ ပြန်လာကြသူများအနေဖြင့် လည်း သက်ဆိုင်ရာဌာနများသို့ သတင်းပို့ကြရန် အရေးကြီးပါ ကြောင်း၊ သတင်းပို့မှသာ မိမိမှာ ရောဂါပိုးကူးစက်ခံရပါက အချိန်မီ ထိန်းချုပ်ကုသမှုခံယူနိုင်ပြီး မိမိ မိသားစု၊ ရပ်ကွက်၊ ကျေးရွာကို ကာကွယ်နိုင်မှာ ဖြစ်သည့်အတွက် နိုင်ငံခြားမှပြန်လာကြသူများ သတင်း ပို့နိုင်ရေးကိုလည်း ပါဝင်ကူညီကြရ မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့နည်းလမ်း များကို ပြည်သူတစ်ယောက်ချင်းက ကိုယ့်တာဝန်ကိုယ် ယူကြရမှာဖြစ် ကြောင်း၊ ယခုဖြစ်ပွားလျက်ရှိသော ကူးစက်ရောဂါနှင့် ပတ်သက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှု ဥပဒေနှင့် အကျုံးဝင် ဆောင်ရွက်ရန်လိုကြောင်း၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ အခန်း(၁) ပုဒ်မ (၂) (ခ)အရ သဘာဝဘေးအန္တရာယ်ဟု ဆိုရာတွင် လူ(သို့မဟုတ်) တိရစ္ဆာန်များတွင် ကူးစက်ရောဂါ ဖြစ်ပွားခြင်းပါဝင်ပါ ကြောင်း၊ ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ညွှန်ကြားချက်များကို ပြည်သူများ သိရှိလိုက်နာရန်လိုပါ ကြောင်း၊ မလိုက်နာပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ ပြည်သူ များသည် ဥပဒေကိုသိရှိပြီး လိုက်နာ ဆောင်ရွက်ရန် ပညာပေးရမည် ဖြစ်ကြောင်း၊ ပြည်သူများ ဥပဒေကို သိရန် ဝန်ထမ်းများက ရှင်းလင်း ပြောကြားရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးစိုးအောင်က ဝန်ထမ်းများအနေဖြင့် ညွှန်ကြားချက်များကို သိရှိလိုက်နာပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့နှင့်အတူ ချိတ်ဆက်ပူးပေါင်းပြီး အစိုးရ၏ ထုတ်ပြန်ချက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ပေး ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပြီး တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း များကို အပြန်အလှန်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်