မုံရွာမြို့ရှိ နေရာရှစ်ခု၌ COVID-19 ရောဂါဖြစ်ပွားလျက်ရှိသောနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများကို သီးသန့်နေရာခွဲကာ စောင့်ကြပ်ကြည့်ရှု

 
 
မုံရွာ မတ် ၂၇
 
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ နေရာရှစ်ခုတွင် COVID-19 ရောဂါ ပျံ့နှံ့ဖြစ်ပွားလျက်ရှိသော နိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများကို သီးသန့်နေရာခွဲပြီး စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
 
 
စောင့်ကြပ်ကြည့်ရှုလျက်ရှိ
 
COVID-19 ရောဂါ ပျံ့နှံ့ဖြစ်ပွားလျက်ရှိသော နိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများကို မုံရွာမြို့ နေရာရှစ်ခုတွင် ကနဦးစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ၎င်းတို့၏ နေအိမ်များတွင် သီးသန့်နေရာခွဲကာ နေထိုင်စေရန် ညွှန်ကြားခဲ့သော်လည်း လိုက်နာမှုအားနည်းသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မတ် ၂၆ ရက် ညနေပိုင်းမှစတင်ပြီး နန္ဒဝန်ရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာ တိုက်အမှတ် (၆)နှင့် (၇)တို့တွင် ထားရှိကာ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း မုံရွာမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါက်တာ စုစုလင်းက ပြောသည်။
 
“အရင်ရက်တွေက COVID-19 ရောဂါ ပျံ့နှံ့ဖြစ်ပွား လျက်ရှိတဲ့နိုင်ငံတွေက ပြန်လည်ဝင်ရောက်လာသူတွေကို မြို့ရဲ့အချက်အချာကျတဲ့နေရာရှစ်ခုမှာ ကနဦးစမ်းသပ်မှု တွေ လုပ်တယ်။ ဘာလက္ခဏာမှ မပြတဲ့သူတွေကို ကိုယ့်နေအိမ်မှာပဲ အခန်းခွဲတာ၊ ဒါမှမဟုတ် သီးသန့်နေရာ ခွဲပြီးနေဖို့ ညွှန်ကြားပြီး ပြန်လွှတ်တယ်။ ဒါပေမယ့် အများစု က လိုက်နာမှုအားနည်းပြီး နေရာအနှံ့ကိုလျှောက်သွားကြတဲ့ အတွက် သူတို့မှာ ရောဂါပါလာခဲ့မယ်ဆိုရင် အခြားသူတွေ အတွက် အန္တရာယ်ရှိတဲ့အခြေအနေ ဖြစ်နေတာကြောင့် ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်သလို အများပြည်သူတွေ အန္တရာယ်ကင်းရှင်းဖို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရဲ့ လမ်းညွှန်မှုအရ မနေ့ညနေပိုင်းကစပြီး အခုလို သီးခြားနေရာမှာထားရှိပြီး စောင့်ကြပ်ကြည့်ရှုနေတာဖြစ်ပါတယ်။ စောင့်ကြပ် ကြည့်ရှုရမယ့် အချိန်ကာလအတွင်း ဘာလက္ခဏာမှ မပြတဲ့သူတွေကတော့ သတ်မှတ်ရက်ပြည့်ရင် မိမိတို့နေအိမ်ကို ပြန်လို့ရမှာ ဖြစ်ပါတယ်။ ဒါဟာလည်း အများပြည်သူတွေအတွက် လုပ်နေတယ်ဆိုတာကို အသိအမှတ်ပြုစေချင်ပါတယ်။ ဝိုင်းဝန်းလိုက်နာဆောင်ရွက်ပေးကြပါလို့လည်း ပြောကြားလိုပါတယ်” ဟု မုံရွာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါက်တာ စုစုလင်းက ဆက်လက်ပြောပြသည်။
 
၂၄ နာရီ စောင့်ကြပ်ဆောင်ရွက်
 
ယခုလက်ရှိအချိန်တွင် မုံရွာမြို့၏ အချက်အချာနေရာများဖြစ်သော မုံရွာတောင်တိုးဂိတ်၊ မုံရွာတောင် ဇက်ဆိပ်၊ နန်ချွန်ကူးတို့ဆိပ်၊ မုံရွာလေဆိပ်၊ချင်းတွင်းတံတားဂိတ်၊ ပြည်တော်သာရပ်ကွက်ဂိတ်၊ ကျောက္ကာမြောက် ရေနံ ဖိုထိပ်တို့တွင် ကုန်းလမ်းမှ ဝင်ရောက်လာသူများကို လည်းကောင်း၊ ချင်းတွင်း အထက်ပိုင်းဒေသများမှ အဝင်အထွက်လုပ်သူများကို မုံရွာမြို့ သလ္လာဝတီ ဆိပ်ကမ်းတို့တွင် လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေး ဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းပြီး အပူချိန်တိုင်းတာခြင်း၊ ပြန်လာသည့်ဒေသ၊ နေရပ်လိပ်စာများ မှတ်တမ်းကောက်ယူစစ်ဆေးခြင်းများကို ၂၄ နာရီ စောင့်ကြပ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
 
ဝင်းဦး(ဇေယျာတိုင်း)