နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားများ လွှဲပြောင်းရေးအတွက် မြန်မာနှင့် လာအို တာဝန်ရှိသူများ ဆွေးနွေး

 

တာချီလိတ်   အောက်တိုဘာ  ၁၃


လာအိုနိုင်ငံမှ နေရပ်သို့ပြန်လိုကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ လွှဲပြောင်းရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် ဝမ်ပုံ ဆိပ်ကမ်းနှင့် ထိစပ်လျက်ရှိသော လာအိုနိုင်ငံ မိုင်းမောဆိပ်ကမ်းတွင် မြန်မာနှင့် လာအို နှစ်နိုင်ငံမှ တာဝန်ရှိသူများက အောက်တိုဘာ ၁၁ ရက်တွင် ဆွေးနွေးခဲ့သည်။ 


ထိုသို့ ဆွေးနွေးရာတွင် လာအိုနိုင်ငံဘက်မှ တာဝန်ရှိသူများက မြန်မာနိုင်ငံအနေဖြင့် နေရပ်ပြန်များကို တစ်ကြိမ်လျှင် လူ ၂၀၀ စီ ကန့်သတ်လက်ခံရာမှ အကြိမ်အရေအတွက်ကို တိုးမြှင့်ပေးရန်နှင့် တစ်ကြိမ်လျှင် ၄၀၀ အထိ တိုးမြှင့်လက်ခံပေးရန်တို့ကို ဆွေးနွေးခဲ့ကြပြီး မြန်မာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ရာတွင် လာအိုနိုင်ငံအပြင် ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများကိုလည်း ပြန်လည်လက်ခံနေကြောင်း၊ နေရပ်ပြန်များထားရှိ မည့် ကွာရန်တင်းစင်တာများ၏ အကျယ်အဝန်းနှင့် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရသဖြင့် အကန့်အသတ်ဖြင့်သာလက်ခံရခြင်းဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။


မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယအကျော့  စတင်ချိန်မှစ၍ လာအိုနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ဇူလိုင် ၃၁ ရက်မှစတင်၍ ပြန်လည်လက်ခံခဲ့ရာ ယနေ့ အထိ ၁၂ ကြိမ်​မြောက်ရှိပြီဖြစ်ကြောင်းနှင့် လူဦးရေစုစုပေါင်း ၃၂၇၇ ဦးကို သက်ဆိုင်ရာ နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။


ထို့အပြင် အောက်တိုဘာ ၁၆ ရက်တွင်လည်း ၁၃ ကြိမ်မြောက်အဖြစ် နေရပ်ပြန်  ၄၀၀ ကို  ပြန်လည်လက်ခံရန်   စီစဉ်ထားကြောင်း သိရသည်။   နှစ်နိုင်ငံဆွေးနွေးပွဲသို့ လာအိုနိုင်ငံမှ ဘိုကျောက်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့နှင့်  မြန်မာ နိုင်ငံဘက်မှ ပြည်ပရောက်  မြန်မာနေရပ်ပြန်များ​ ပြန်လည်ပို့ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင် ဦးဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။        

                                              
ယာဆေး(ပြန်/ဆက်)