မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၁-၂၀၂၂ ခုနှစ် ကာလတို ခြောက်လဘတ်ဂျက်တွင် လမ်းပေါင်း ၃၅ လမ်းနှင့် တံတား ၂၂ စင်း ဆောင်ရွက်ပေးမည်

မန္တလေး   အောက်တိုဘာ   ၁၃


မန္တလေးတိုင်းဒေသကြီး  ကျေး လက်လမ်းဖွံ့ဖြိုးရေး   ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂    ခုနှစ်   ကာလတို  ခြောက်လ       ဘတ်ဂျက်တွင်   မြို့နယ်  ၂၃ မြို့နယ်၌ လမ်းပေါင်း ၃၅    လမ်းနှင့်   တံတား   ၂၂  စင်း တို့ကို     တည်ဆောက်ပေးမည်   ဖြစ်သည်။


အဆိုပါ လမ်းနှင့် တံတားများ ကို တိုင်းဒေသကြီးအတွင်း  ခရိုင် ခုနစ်ခရိုင်ရှိ မြို့နယ် ၂၃ မြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက် ပေးမည်ဖြစ်ပြီး    ထိုသို့   တည် ဆောက်ရာတွင်      ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ   ငွေကျပ်သန်း ၂၉၀၀   ကျော်ကို   အသုံးပြု၍ ကတ္တရာလမ်းနှင့်  ကွန်ကရစ်လမ်း များ  အပါအဝင်   လမ်းပေါင်း   ၁၀ လမ်းနှင့်      ကွန်ကရစ်တံတား တစ်စင်းကို တည်ဆောက်ပေးမည် ဖြစ်သည်။  တိုင်းဒေသကြီး ဘဏ္ဍာ ရန်ပုံငွေမှ      ငွေကျပ်သန်း  ၃၉၀၀ ကျော်ကို သုံးစွဲ၍    ကတ္တရာလမ်း၊     ကွန်ကရစ်လမ်းနှင့် ကျောက်ချော လမ်းများ  အပါအဝင် လမ်းပေါင်း ၂၅ လမ်းကို  ဖောက်လုပ်ပေးမည် ဖြစ်ကာ       ကွန်ကရစ်တံတား၊ ရေထုတ်ပြွန်နှင့်  ရေကျော်တံတား နှစ် စင်း   အပါအဝင် တံတားပေါင်း ၂၁ စင်းတို့ကို     တည်ဆောက်ပေး မည်ဖြစ်ကြောင်း   တိုင်းဒေသကြီး  ကျေးလက်လမ်း    ဖွံ့ဖြိုးရေးဦးစီး ဌာနမှ   ညွှန်ကြားရေးမှူး ဦးမျိုးက ပြောသည်။


“ဒီဘဏ္ဍာနှစ်    ခြောက်လ ဘတ်ဂျက်မှာ      ဆောင်ရွက်ပေးမယ့်  လမ်း၊   တံတားတည်ဆောက်ခြင်း လုပ်ငန်းတွေအတွက်   တင်ဒါတွေ ခေါ်ယူသွားမှာပါ”ဟု   ၎င်းက  ဆက်ပြောသည်။ 


အဆိုပါ  လမ်းနှင့်   တံတားများ တည်ဆောက်ခြင်းကို   တိုင်းဒေသ ကြီးအတွင်းရှိ      မန္တလေးခရိုင်၊ ကျောက်ဆည်ခရိုင်၊    ညောင်ဦး ခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ မြင်းခြံခရိုင်၊ မိတ္ထီလာခရိုင်၊    ရမည်းသင်းခရိုင် များရှိ  မြို့နယ်  ၂၃  မြို့နယ်၌ ဆောင်ရွက်ပေးမည်        ဖြစ်ပြီး ဖောက်လုပ်ပေးမည့်  လမ်းပေါင်း ၃၅ လမ်းတွင်   ကတ္တရာလမ်း ၂၉ လမ်း၊ ကျောက်ချောလမ်း ငါးလမ်း နှင့် ကွန်ကရစ်လမ်း တစ်လမ်းတို့ ပါဝင်ကာ  တည်ဆောက်ပေးမည့် တံတား ၂၂ စင်းတွင်   ကွန်ကရစ် တံတား သုံးစင်း၊   ရေကျော်တံတား နှစ်စင်း၊ ရေထုတ်ပြွန် ၁၇  စင်းတို့ ပါဝင်ကြောင်း သိရသည်။


မင်းထက်အောင် (မန်းကိုယ်ပွား)