
နေပြည်တော် အောက်တိုဘာ ၁၃
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်အိုးခွံ၊ အိမ်သုံး အောက်ဆီဂျင်စက်နှင့် အခြားဆက်စပ်ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေ ဖြင့် အခြားဆက်စပ်ဌာနများနှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများနှင့် မြဝတီ၊ ကန်ပိုက် တီးနှင့်ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းသုံးခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီနှစ်ခုမှ ယာဉ်စီးရေငါးစီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီး တန် ၂၀၊ အောက်ဆီဂျင်(အိုးခွံ) ၁၇၁၃ ခု၊ Oxygen Plant ၁၂ ခုနှင့် နှာခေါင်း စည်း(Mask) ၂၈ တန် တင်သွင်း ခဲ့သည်။ အောက်ဆီဂျင်(အရည်)Bowser ယာဉ်တစ်စီးမှာ မြဝတီမှ ရန်ကုန်မြို့သို့ဖြစ်ပြီး Oxygen Plant ၁၂ ခုမှာ ဆိပ်ကမ်းမှ ရန်ကုန် မြို့သို့ ၁၀ ခုနှင့် ကန်ပိုက်တီးမှ မြစ်ကြီးနားမြို့သို့နှစ်ခုဖြစ်ကြောင်း သိရှိရသည်။
ဦးစားပေးတင်သွင်းခွင့်ပြု
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို ပြည်ပမှ တင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြု ပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါး နှင့်ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့် သက်ဆိုင်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက် ပေးထားပါကြောင်း သိရှိရသည်။
သတင်းစဉ်