
နေပြည်တော် အောက်တိုဘာ ၁၂
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁၀ ( ဌ ) တွင် ပြဋ္ဌာန်းထားသော “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း” ဆိုသည့် တာဝန်နှင့်အညီ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့်ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေး ခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာ လုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်ထားမှု ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် အခြေစိုက်ဖြစ်ကြသော အမျိုးသမီးပါတီ ( မွန် ) ကို အောက်တိုဘာ ၃ရက်မှ ၆ ရက်အထိ လည်းကောင်း၊ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီကို အောက်တိုဘာ ၃ ရက် မှ ၈ ရက်အထိလည်းကောင်း၊ မွန်ညီညွတ်ရေး ပါတီ ( Mon Unity Party ) ကို အောက်တိုဘာ ၄ ရက် မှ ၈ ရက်အထိလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အခြေစိုက်ဖြစ်ကြသော လမ်းပြကြယ်ပါတီ၊ ပြည်ထောင်စု လယ်သမား အလုပ်သမားအင်အားစု ပါတီနှင့်မြန်မာနိုင်ငံ အလုပ်သမား လယ်သမား မဟာမိတ်ပါတီ [Alliance of Myanmar’s Worker and Farmer Party (A.M.W.F.P)] တို့ကို အောက်တိုဘာ ၄ ရက်မှ ၈ ရက်အထိလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး အခြေစိုက်ဖြစ်ကြသော အမျိုးသား ညီညွတ်ရေးကွန်ဂရက်ပါတီ ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများဒီမိုကရေစီပါတီတို့ကို အောက်တိုဘာ ၄ ရက်မှ ၈ ရက်အထိလည်းကောင်း၊ ရှမ်းပြည်နယ် အခြေစိုက်ဖြစ်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကို အောက်တိုဘာ ၄ ရက် မှ ၈ ရက်အထိလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအခြေစိုက်ဖြစ်သော မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမား ပြည်သူ့ပါတီကို အောက်တိုဘာ ၄ ရက် မှ ၆ ရက်အထိလည်းကောင်း၊ ကရင်ပြည်နယ် အခြေစိုက်ဖြစ်ကြသော ဖလုံ - စဝေါ်ဒီမိုကရက်တစ် ပါတီနှင့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ( Karen National Democratic Party ) တို့ကို အောက်တိုဘာ ၅ ရက်မှ ၈ ရက်အထိလည်းကောင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့ဖြင့် ဖွဲ့စည်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်