အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်းအဖွဲ့ချုပ်က ကြီးမှူး၍ High Level Conference on COVID-19 (HLCC 2021) ဝန်ကြီးအဆင့် အစည်းအဝေးကျင်းပ မြန်မာနိုင်ငံ၏စီးပွားရေး  ပြန်လည်ဦးမော့လာစေရေး  စီမံချက်နှင့်အညီ   လေကြောင်းပို့ဆောင်ရေးကဏ္ဍ ပြန်လည်ဦးမော့စေရေး  ဆောင်ရွက်နေမှ

 

 

နေပြည်တော်    အောက်တိုဘာ    ၁၂


အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် (International Civil Aviation Organization-ICAO)က ကြီးမှူးကျင်းပသည့်     High    Level Conference on COVID-19 (HLCC 2021) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေ ၆ နာရီခွဲတွင် ကနေဒါ နိုင်ငံ မွန်ထရီရယ်မြို့၌ Video Conference ဖြင့် ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ပါဝင်တက်ရောက်သည်။
အခမ်းအနားတွင်  အပြည်ပြည်ဆိုင်ရာ  မြို့ပြ လေကြောင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ     Mr.    Salvatore Sciacchitano  က အဖွင့်အမှာစကားပြောကြားရာတွင် ယခုဆွေးနွေးပွဲကို    “One  Vision    for  Aviation Recovery, Resilience and Sustainability Beyond the Global Pandemic” ခေါင်းစဉ်ဖြင့် ကိုဗစ်-၁၉ အကျပ်အတည်းမှ လေကြောင်းပို့ဆောင်ရေးကဏ္ဍ ဘေးကင်းလုံခြုံပြီး        စွမ်းဆောင်ရည်ရှိစွာဖြင့် ပြန်လည်တည်ထောင်နိုင်ရေးနှင့်    လေကြောင်း ပို့ဆောင်ရေးကဏ္ဍ၏ ခံနိုင်ရည်ရှိမှုကို ပိုမိုကြံ့ခိုင်စေ မည့်  အခြေခံအုတ်မြစ်တည်ဆောက်၍  ရေရှည် တည်တံ့စေမည့်   အနာဂတ်အစီအမံများချမှတ်ပြီး အဖွဲ့ဝင်နိုင်ငံများအားလုံး   အတူလက်တွဲဖြေရှင်း နိုင်ရေးအတွက် ယခုအစည်းအဝေးကျင်းပရခြင်းဖြစ် ကြောင်း ပြောကြားသည်။ 
ဒုတိယဝန်ကြီးက  နိုင်ငံတစ်ဝန်း   ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုအခြေအနေများ၊ နိုင်ငံတော် အစိုးရက ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်  ချမှတ်ဆောင်ရွက်နေမှု၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ် တွင် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းကို   အရှိန် အဟုန်မပြတ်    ထိထိရောက်ရောက်    ဆက်လက် ဆောင်ရွက်ရေးနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့်စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင် သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားရေး ဟူသည့်  လုပ်ငန်းစဉ်(၂)ရပ်ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၏ လေကြောင်းပို့ဆောင်ရေးကဏ္ဍ ထိခိုက်ခံစားရမှုများ၊ လေကြောင်းပို့ဆောင်ရေးသည် ပြည်ပရင်းနှီးမြှုပ်နှံ မှုများတိုးတက်ရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးနှင့်     စီးပွားရေးအခွင့်အလမ်းများ ဖြစ်ထွန်းရေးအတွက်    အရေးပါသည့်အလျောက် မြန်မာနိုင်ငံ၏စီးပွားရေး ပြန်လည်ဦးမော့လာစေရေး စီမံချက် (Myanmar Economic Relief Plan-MERP)နှင့်အညီ  လေကြောင်းပို့ဆောင်ရေးကဏ္ဍ ပြန်လည် ဦးမော့စေရေး ဆောင်ရွက်နေမှုများ၊  အပြည်ပြည် ဆိုင်ရာမြို့ပြလေကြောင်းအဖွဲ့ချုပ်က ထုတ်ပြန်သည့် လမ်းညွှန်ချက်များနှင့်အညီ     လေဆိပ်လုပ်ငန်း ဆောင်ရွက်သူများ၊ လေကြောင်းကုန်စည်ဝန်ဆောင် မှု လုပ်ကိုင်သူများ၊ ပြည်တွင်းလေကြောင်းလိုင်းများ၊ နိုင်ငံတကာလေကြောင်းလိုင်းများက လိုက်နာရမည့် ကိုဗစ်-၁၉ကပ်ရောဂါ ကူးစက်မှုတားဆီးကာကွယ်ရေးစည်းကမ်းချက်များ   အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ဆောင်ရွက်နေမှုများကို ပါဝင်ဆွေးနွေး ခဲ့သည်။ 
High Level Conference on COVID-19 (HLCC 2021) ကို အောက်တိုဘာ ၁၂  ရက်မှ ၂၂ ရက်အထိ  Ministerial   Plenary   အစည်းအဝေး၊ ဘေးကင်း လုံခြုံရေး (Safety) ကဏ္ဍဆိုင်ရာအစည်းအဝေးနှင့် လွယ်ကူချောမွေ့စေရေး (Facilitation)    ကဏ္ဍ ဆိုင်ရာအစည်းအဝေးများကို      ကျင်းပသွားမည်ဖြစ် ကြောင်း  သိရသည်။                           သတင်းစဉ်