
နေပြည်တော် အောက်တိုဘာ ၁၂
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူဝယ်ယူနိုင်ရေးနှင့် အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာရရှိစေရေးတို့အတွက် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကားဖြန့်ဖြူးရောင်းချခြင်း အစီ အစဉ်ကို ယနေ့တွင် ဆောင်ရွက်ခဲ့ရာ ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူး ရောင်းချသောကုမ္ပဏီ ၉ ခုမှ အိမ်သုံးဆေးဝါး ၁၂၂ မျိုး ရောင်းချပေး ခဲ့သည်။
အလားတူ ပထမအစီအစဉ်အဖြစ် ဖွင့်လှစ်ရောင်းချပေးလျက် ရှိသည့် အလုံမြို့နယ် ကမ်းနားလမ်း လွတ်လပ်ရေးရပ်ကွက် အမှတ် (၁၀၄/၁၀၈)နေရာ၌လည်း ယနေ့တွင် ၄၂ ရက်မြောက်နေ့အဖြစ် ဆက်လက်ရောင်းချပေးလျက်ရှိသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင်လည်း ရွေ့လျား ဈေးကားဖြင့် အသား၊ ငါးများနှင့် စားသောက်ကုန်များကို ရောင်းချပေး ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်