
နေပြည်တော် အောက်တိုဘာ ၁၂
၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည် ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးမင်း သိန်းဇံ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိဖိတ်ကြားထားသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
စည်းလုံးညီညွတ်မှု ပြယုဂ်ပင်ဖြစ်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည်မှာ ယခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်ဆိုလျှင် ၇၄ နှစ်ပြည့်မြောက် ပြီဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းကို ပြန်လည်လေ့လာမည်ဆိုပါက ၉ ရာစုဝန်းကျင်မှစ၍ ပျူမြို့ပြနိုင်ငံ (City State)များ ပေါ်ပေါက်ခဲ့ကြောင်း၊ ၁၁ ရာစု ပတ်ဝန်းကျင်တွင် ပုဂံ Dynasty ပေါ်ပေါက် ခဲ့ကြောင်း၊ ၁၄ ရာစုတွင် အင်းဝ၊ တောင်ငူ၊ ဟံသာ ဝတီ၊ မြင်စိုင်း၊ ပင်းယ၊ ကယား၊ မိုးညှင်း၊ မိုးကောင်း၊ သီပေါ၊ မြောက်ဦး စသည့် Small Kingdom များ ပေါ်ပေါက်လာခဲ့ကြောင်း၊ ၁၅ ရာစုနှင့် ၁၇ ရာစု အကြားတွင် တောင်ငူ Dynasty ပေါ်ပေါက်ခဲ့ပြီး ၁၇၅၂ ခုနှစ်နှင့် ၁၈၈၅ ခုနှစ်အကြားတွင် ကုန်းဘောင် Dynasty ပေါ်ပေါက်ခဲ့ကြောင်း၊ ခိုင်မာသည့် မြန်မာ့ သမိုင်းကြောင်းတစ်လျှောက် ပေါ်ပေါက်ခဲ့သည့် City State များ၊ Small Kingdom များနှင့် Dynasty များသည် အုပ်ချုပ်သည့် မင်းနှင့် ပြည်သူတို့၏ စည်းလုံးညီညွတ်မှု ပြယုဂ်ပင်ဖြစ်ပြီး အင်အားကြီးမား သည့် လက်နက်ကိုင်တပ်ဖွဲ့များလည်း ရှိခဲ့ကြ ကြောင်း၊ ပတ်ဝန်းကျင်ဒေသများရှိ ခေတ်ပြိုင်နိုင်ငံ များနှင့်အပြိုင် စည်ပင်သာယာ ထွန်းကားခဲ့ကြောင်း။
သို့သော် ၁၈၂၄−၁၈၂၆ ခုနှစ်တွင် ပထမ အင်္ဂလိပ်- မြန်မာ စစ်ဖြစ်ပွားခဲ့ရာ ရခိုင်၊ အာသံ၊ မဏိပူရနှင့် တနင်္သာရီနယ်မြေများကို လက်လွတ်ဆုံးရှုံးခဲ့ရ ကြောင်း၊ ၁၈၅၂ ခုနှစ်တွင် ဒုတိယ အင်္ဂလိပ် - မြန်မာ စစ်ဖြစ်ပွားခဲ့ရာ ပဲခူးအပါအဝင် မြန်မာနိုင်ငံ အောက်ပိုင်းကို ဆုံးရှုံးခဲ့ရကြောင်း၊ ၁၈၈၅ခုနှစ်တွင် တတိယ အင်္ဂလိပ်- မြန်မာ စစ်ဖြစ်ပွားခဲ့ပြီး မြန်မာ နိုင်ငံ တစ်နိုင်ငံလုံး သူ့ကျွန်ဘဝကျရောက်ကာ လွတ်လပ်ရေးဆုံးရှုံးခဲ့ရကြောင်း။
သမိုင်းသင်ခန်းစာများပင်ဖြစ်
ပြည်သူများ စည်းလုံးညီညွတ်မှုရှိပြီး စနစ်တကျ ဖွဲ့စည်းထားသည့် ခေတ်မီတပ်မတော်ရှိလျှင် နိုင်ငံ အင်အား တောင့်တင်းကြောင်း၊ ပြည်သူအချင်းချင်း၊ မင်းညီမင်းသားအချင်းချင်း ညီညွတ်မှုမရှိဘဲ ပြည်ပ အားကိုးပြီး သူတစ်လူငါတစ်မင်းဖြစ်သည့် အချိန် ကာလမျိုးတွင် လွတ်လပ်ရေးဆုံးရှုံးခဲ့ရကြောင်း၊ သမိုင်းသင်ခန်းစာများပင်ဖြစ်ကြောင်း၊ လွတ်လပ်ရေး ဆုံးရှုံးရသည့် ခါးသီးသော အတွေ့အကြုံများကို မျိုးဆက်သစ်လူငယ်များသိရှိနိုင်ရေးသည် အရေးကြီး ကြောင်း၊ မြန်မာ့သမိုင်းကြောင်းများကို အမြဲ ဖော်ထုတ်ပေးရန် လိုအပ်ကြောင်း၊ အနှစ်သာရရှိသည့် လွတ်လပ်ရေးနေ့အခမ်းအနားကို နိုင်ငံတော်အဆင့် အနှစ်သာရပြည့်ဝစွာ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
လွတ်လပ်ရေးဆုံးရှုံးခဲ့သည့် ကာလမှစ၍ လွတ်လပ်ရေးပြန်ရသည်အထိ အသက်သွေး၊ ချွေး မြောက်မြားစွာ ပေးဆပ်ခဲ့ရသည့် သမိုင်းကြောင်း များကိုလည်း ဖော်ထုတ်ပေးနိုင်မှသာ နောင်လာမည့် မျိုးဆက်သစ်များအနေဖြင့် လွတ်လပ်ရေး၏ အနှစ် သာရ၊ ကိုယ်ပိုင်အသိစိတ်ဓာတ်၊ ကိုယ်ပိုင်ဆုံးဖြတ် ချက်ဖြင့် လွတ်လပ်စွာစီမံဆောင်ရွက်နိုင်သည့် အခြေ အနေများကိုလည်း သိရှိနိုင်ရန် လိုအပ်ကြောင်း။
သမိုင်းကြောင်းအစဉ်အလာများကို ထိန်းသိမ်း
၇၄ နှစ်မြောက်တိုင်ပြီဖြစ်သော လွတ်လပ် ရေးနေ့ အခါကာလအတွက် အမျိုးသားခေါင်းဆောင် ကြီးများနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများက နယ်ချဲ့တို့ကို လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည့် အချိန်မှ စ၍ ဒေသအလိုက် တော်လှန်ခဲ့ကြကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းချိန်တွင် အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရသကဲ့သို့ ရွှေရည်စိမ်လွတ်လပ်ရေးမျိုးကိုလည်း ရရှိခဲ့ကြောင်း၊ လွတ်လပ်ရေးနှင့် ပတ်သက်၍ အသက်သွေး၊ ချွေးမြောက်မြားစွာ ပေးဆပ်ရယူခဲ့ရ ကြောင်း၊ လွတ်လပ်ရေးရယူခဲ့သည့် သမိုင်းကြောင်း များကို နောင်လာမည့်မျိုးဆက်သစ်များ သိရှိရန် လိုအပ်ကြောင်း၊ ထိုသို့သိရှိနိုင်ရန် အသိပညာပေးရ မည့် သက်ဆိုင်ရာကော်မတီများအနေဖြင့် အသိပညာ ဖြန့်ဝေပေးနိုင်ရန် လိုအပ်ကြောင်း၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေးဆုံးရှုံးခဲ့ရမှု၊ လွတ်လပ်ရေး ပြန်လည်ရရှိရန် ကြိုးပမ်းခဲ့မှုများနှင့် ပတ်သက်၍ စာစီစာကုံး၊ ကျပန်းစကားပြောပွဲ စသည့် ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်များအတွက် ပြိုင်ပွဲများကိုဆောင်ရွက်ပေးခြင်းဖြင့် သမိုင်းကြောင်း အစဉ်အလာများကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ လွတ်လပ်ရေးရရှိရေးအတွက် ခေတ်အဆက်ဆက်ရှိ တိုင်းရင်းသားခေါင်းဆောင် အသီးသီးတို့က အမျိုးဂုဏ်ဇာတိဂုဏ်မပျက်စေရန် မျိုးချစ်စိတ်ဓာတ်ရှိသူများ၊ နိုင်ငံချစ်စိတ်ရှိသူများက တိုင်းရင်းသားပြည်သူများနှင့် ပေါင်းစည်း၍ လွတ်လပ်ရေးကို မရရသည့်နည်းဖြင့် ရယူခဲ့ရခြင်း ဖြစ်ကြောင်း၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့က စစ်ပညာများ ကို ဂျပန်နိုင်ငံတွင် အပင်ပန်းအဆင်းရဲခံကာ သင်ကြားခဲ့ပြီး ၎င်းစစ်ပညာများနှင့်အတူ တိုင်းပြည် လွတ်လပ်ရေးရရှိအောင် ဆောင်ရွက်ခဲ့သည်မှာ မေ့ပျောက်၍မရသည့် သမိုင်းကြောင်းဖြစ်ကြောင်း၊ ထိုသို့ ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် ရရှိခဲ့သည့် လွတ်လပ်ရေးကို မည်သို့မျှဆုံးရှုံးမှုမရှိစေရေး ဒို့တာဝန်အရေးသုံးပါးနှင့်အညီ အနှစ်သာရရှိသည့် နိုင်ငံတော်အဆင့် လွတ်လပ်ရေးနေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပခြင်းဖြစ်ကြောင်း။
ကြိုတင်စီမံဆောင်ရွက်ထား
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပနိုင်ရန် ဆပ်ကော်မတီ ၁၀ ခု ဖွဲ့စည်းထားသော်လည်း ကိုဗစ်−၁၉ ရောဂါနှင့် ပတ်သက်၍ ရောဂါကူးစက်မှု နှုန်းများ လျော့ကျမှုအခြေအနေများကို ချိန်ဆဆောင် ရွက်ရမည်ဖြစ်ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်သော ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း စီမံဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေအပေါ်မူတည်၍ စီစဉ် ဆောင်ရွက်မှုများ ခွဲခြားဆောင်ရွက်ထားရန် လိုကြောင်း၊ ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ဖိတ်ကြားနိုင်မည့် အင်အားများကို ကြိုတင်စီမံဆောင် ရွက်ထားရန် လိုအပ်ကြောင်း။
နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရန်လိုကြောင်းနှင့် နိုင်ငံတော်အင်အားရှိမှု၊ ပြည်သူအားလုံးက စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်ရှိမှု၊ စနစ်တကျဖွဲ့စည်းထားသော ခေတ်မီ တပ်မတော်ရှိမှု စသည့်အချက်များ ပြည့်စုံမှသာ မိမိတို့နိုင်ငံတော်ကြီး တိုးတက်စည်ပင်ဖွံ့ဖြိုးလာမည် ကို မျိုးဆက်သစ်လူငယ်များ သိရှိရန်လိုကြောင်း၊ လွတ်လပ်ရေးဆုံးရှုံးသည့်အခါတွင် သွေး၊ ချွေး အသက်ပေါင်းများစွာ ပေးဆပ်ရယူခဲ့ရမှု၊ လွတ်လပ် ရေးရပြီးသည့် နောက်ပိုင်းတွင်လည်း လွတ်လပ်ရေး မဆုံးရှုံးရအောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ ကိုလည်း သိရှိစေရန် အသိပညာပေး ဆွေးနွေးပွဲများ၊ ရုပ်မြင်သံကြားထုတ်လွှင့်မှုများ ဆောင်ရွက်ပေးရန် လိုကြောင်း၊ မျိုးချစ်စိတ်ထက်သန်စေသည့် ဇာတ်လမ်းများ၊ သမိုင်းဝင်တေးသီချင်းများ ထုတ်လွှင့်ဖော်ပြသွားရန်လိုပြီး လွတ်လပ်ရေးသမိုင်း ကြောင်း၊ မြန်မာနိုင်ငံ သမိုင်းကြောင်းတို့ကိုလည်း အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ရေဒီယို Talk Show ဆွေးနွေးခြင်း၊ ဆွေးနွေးချက်များကိုလည်း ဆောင်းပါးများအဖြစ် ထည့်သွင်းဖော်ပြသွားခြင်း ပြုလုပ်ရန်လိုကြောင်း။
ဝိုင်းဝန်းဖြည့်စွက်ဆွေးနွေး
နိဂုံးချုပ်အနေဖြင့် ဌာနဆိုင်ရာ အကြီးအကဲများ အနေဖြင့် မိမိဌာနအလိုက် ဖွဲ့စည်းပေးထားသည့် ဆပ်ကော်မတီများအလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းတာဝန်များအလိုက် ဝိုင်းဝန်းဖြည့်စွက် ဆွေးနွေးသွားရန်လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ဆပ်ကော်မတီများအလိုက် ဖွဲ့စည်းမှုများ၊ လုပ်ငန်း တာဝန်များနှင့် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အောင်မြင်စွာကျင်းပနိုင်ရေးကိစ္စရပ်များကို အသီးသီး ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူးက ယခင်နှစ်ကကျင်းပပြုလုပ်ခဲ့သော လွတ်လပ်ရေးနေ့ တွင် ဆပ်ကော်မတီများအလိုက် သုံးစွဲခဲ့ကြသည့် အမှန်အသုံးစရိတ်စာရင်းများကို ရှင်းလင်းတင်ပြ သည်။
ထို့နောက် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိဂုံးချုပ်အမှာ စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်