
ရန်ကုန် အောက်တိုဘာ ၁၀
လူဦးရေ ထူထပ်များပြားပြီး စီးပွားရေးအချက်အချာကျသော ရန်ကုန်မြို့တော်ကြီးတွင် ပြီးခဲ့သည့် လအနည်းငယ်အတွင်း၌ စက်သုံးဆီ စံချိန်တင် ဈေးမြင့်တက်ခဲ့သော်လည်း ယခုရက်အနည်းငယ်အတွင်း စက်သုံးဆီဈေးနှုန်းများမှာ ပြန်လည်ကာ အနည်းငယ် ကျဆင်းလာ ကြောင်း ရန်ကုန်မြို့တွင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။
“ဒီရက်ပိုင်းအတွင်း စက်သုံးဆီဈေးတွေ အနည်းငယ်တော့ ပြန်လည်ကျဆင်းလာ တာ တွေ့ရတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းကစပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း ဆီဆိုင်တွေကို ပုံမှန်ဈေးအတိုင်း ရောင်းချပေးဖို့ နှိုးဆော်တယ်ကြားတယ်။ ကျွန်တော် အငှား ယာဉ်မောင်းလုပ်တာ ဆယ်စုနှစ်ကျော်ခဲ့ပြီး။ တစ်ခါ မှ အခုလောက်ထိ မရုန်းကန်ခဲ့ရဖူးဘူး။ ပြီးခဲ့တဲ့လပိုင်း တွေကဆို ဆီဈေးတွေက အတော်ကို မြင့်တက် သွားတော့ ကားတောင်ရပ်နားထားလိုက်ရတယ်။ မြန်မာနိုင်ငံစီးပွားရေးဈေးကွက်ကလည်း အတက် ဆိုရင် လေယာဉ်ပျံအရှုံးပေးရတယ်။ မြန်လိုက်တာ မပြောနဲ့၊ ပြန်လည်ကျမယ်ဆိုရင်တော့ လိပ်ထက် တောင် နှေးကွေးနေသေးတယ်။ ဒါတွေက မြန်မာနိုင်ငံ မှာ ပုံမှန်အတိုင်းဖြစ်နေပါပြီ”ဟု ရန်ကုန်မြို့တွင်း အငှားယာဉ်မောင်းတစ်ဦးဖြစ်သည့် ကိုမြင့်ကျော်က စက်သုံးဆီဈေး အတက်/ အကျနှင့် ပတ်သက်၍ သူ့အမြင်ကို ပြောသည်။
ဈေးနှုန်းချရောင်း
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေး အသင်းတို့ ပူးပေါင်း၍ ရန်ကုန်မြို့ အပါအဝင် မြန်မာ နိုင်ငံတစ်ဝန်း၌ ပြည်သူများသက်သာသော ဈေးနှုန်း ဖြင့် စက်သုံးဆီရယူသုံးစွဲနိုင်ရေး နိုင်ငံတစ်ဝန်း စက်သုံးဆီ အရောင်းဆိုင် ၂၁၃ ဆိုင်နှင့် ညှိနှိုင်းကာ အထူးဆိုင်များဖြင့် ရောင်းချပေးနိုင်ရေး ဆောင် ရွက်ခဲ့သည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ရန်ကုန်မြို့ အတွင်းရှိ အဆိုပါ သတ်မှတ်ဆိုင်များတွင် ကားများ တန်းစီဝယ်ယူမှုများရှိသဖြင့် တချို့ဆိုင်များမှာ လတ်တလော ပေါက်ဈေးထက် ဈေးနှုန်းချ ရောင်းရ သဖြင့် သတ်မှတ်လီတာထက် အနည်းငယ် လျော့နည်းရောင်းချမှုများလည်း ရှိနေကြောင်း ယာဉ်ပိုင်ရှင်များထံမှ သိရသည်။
သက်သာသော စျေးနှုန်း
ယင်းအထူးဆိုင်များကို ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝန်းစက်သုံးဆီအရောင်းဆိုင်များ၌ စက်တင် ဘာ ၂၂ ရက်မှ စတင်ခဲ့ရာ Ron 92 တစ်လီတာကို ငွေကျပ် ၁၁၂၂ ဖြင့် လည်းကောင်း၊ ရိုးရိုးဒီဇယ်တစ်လီ တာကို ငွေကျပ် ၁၁၁၇ ဖြင့် လည်းကောင်း၊ ပရီမီယမ် တစ်လီတာကို ငွေကျပ် ၁၁၂၄ ဖြင့် လည်းကောင်း အသီးသီး သတ်မှတ်စျေးနှုန်းများအတိုင်း ပြည်သူ များအတွက် သက်သာသော စျေးနှုန်းများဖြင့် ရောင်းချခဲ့ကြသည်။ သို့သော် ယင်းအထူးဆိုင်များ မှာ သတ်မှတ်ခွဲတမ်း ကုန်လွန်သဖြင့် ယခုအခါ မူလ အတိုင်း ပုံမှန်ပြန်လည် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အနည်းငယ်ကျဆင်း
ရန်ကုန်မြို့တွင်း ယနေ့စက်သုံးဆီ အရောင်း စျေးနှုန်းများမှာ အောက်တိန်း ၉၂ တစ်လီတာကို ငွေကျပ် ၁၄၅၅၊ အောက်တိန်း ၉၅ တစ်လီတာကို ငွေကျပ် ၁၄၉၀၊ ရိုးရိုးဒီဇယ်မှာ တစ်လီတာကို ငွေကျပ် ၁၄၇၀ ဖြစ်ပြီး ပရီမီယမ်ဒီဇယ်တစ်လီတာမှာ ငွေကျပ် ၁၄၇၅ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိသည်။ စက်သုံး ဆီ အရောင်းဆိုင်များအပေါ် မူတည်၍ စျေးအနည်း ငယ်ကွာခြားမှုရှိနိုင်သော်လည်း ယခင်လ စက်သုံးဆီ စျေးနှုန်းများထက် ဆိုင်တိုင်းတွင် အနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရသည်။
မြင့်မိုရ်၊ ဓာတ်ပုံ- မိုးမခ