နေရပ်စွန့်ခွာစခန်းများမှပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

 

မြောက်ဦး  အောက်တိုဘာ  ၁၀


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါ  ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များတွင် ယာယီဖွင့်လှစ်ထား သော နေရပ်စွန့်ခွာစခန်းများရှိ အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို  ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက  သတ်မှတ်စုရပ်နေရာများ၌  အောက်တိုဘာ ၉ ရက်က ဆက်လက်ထိုးနှံ ပေးသည်။


ဒိုင်းဂျီဘုန်းတော်ကြီးကျောင်းဟောင်းနှင့် ဒိုင်းဂျီဘုန်းတော်ကြီး ကျောင်းသစ်တို့၌   ယာယီဖွင့်လှစ်ထားသော   နေရပ်စွန့်ခွာစခန်းများမှ အသက် ၁၈ နှစ်အထက် ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးမီ လိုအပ်သော    ကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သည့် ကိုယ်အပူချိန်၊ သွေးပေါင်ချိန်၊    သွေးတွင်းအောက်ဆီဂျင်ပမာဏ    ပြည့်ဝမှု ရှိ/မရှိ တိုင်းတာပေးခြင်းများနှင့်  သွေးတိုး/ ဆီးချိုရောဂါစသည့် ရောဂါများရှိ/မရှိတို့ကို စနစ်တကျစစ်ဆေးပြီး ကျန်းမာရေးအသိပညာပေး  ရှင်းလင်း ဟောပြောခြင်းများ ပြုလုပ်ပြီးမှ ကာကွယ်ဆေးများ  ထိုးပေးခြင်း  ဖြစ်သည်။


ကာကွယ်ဆေးထိုးပေးရာတွင်  မြို့နယ်ကျန်းမာရေးဝန်ထမ်းများ နှင့်အတူ အောင်တပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်  နေရပ်စွန့်ခွာစခန်း တာဝန်ခံများက ပူးပေါင်းဆောင်ရွက်ပေးရာ    နေရပ်စွန့်ခွာစခန်းနှစ်ခုမှ ပြည်သူ ၁၉၆ ဦးကို  ကာကွယ်ဆေးများထိုးပေးနိုင်ခဲ့ကြောင်း သိရသည်။


ခင်မောင်ထွန်း(ပြန်/ဆက်)