တာချီလိတ်၌ ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာနိုင်ငံသား ၁၅၈ဦးအား စနစ်တကျ ကြိုဆိုလက်ခံ

 

တာချီလိတ် အောက်တိုဘာ ၁၀


ရှမ်းပြည်နယ်     (အရှေ့ပိုင်း) တာချီလိတ်မြို့   မြန်မာ- ထိုင်း နှစ်နိုင်ငံ    ချစ်ကြည်ရေးတံတား အမှတ်(၂)မှတစ်ဆင့် ထိုင်းနိုင်ငံမှ လွှဲပြောင်း​လာသည့်   နေရပ်ပြန် မြန်မာနိုင်ငံသား    ၁၅၈  ဦးအား ယနေ့မွန်းလွဲပိုင်းက  တာဝန်ရှိသူ များက  စနစ်တကျကြိုဆိုလက်ခံခဲ့ကြောင်း  သိရသည်။


လွှဲပြောင်းပေးအပ်လာသည့် နေရပ်ပြန်  မြန်မာနိုင်ငံသား ၁၅၈ ဦးမှာ      အကြောင်းအမျိုးမျိုး ကြောင့်    ပြစ်ဒဏ်ကျခံခဲ့ရပြီး ပြန်လည်   လွတ်မြောက်လာသူ  ၁၁၁ ဦးနှင့်   ရွှေ့ပြောင်းမြန်မာ အလုပ်သမား     ၄၇ ဦးတို့ဖြစ်ကြပြီး ၎င်းတို့အား    စစ်ဗျူဟာအဖွဲ့ (အခြေချ)   တာချီလိတ်စစ်ဗျူဟာမှူး   ဗိုလ်မှူးကြီး    မင်းမင်းထွန်း၊ ပြည်ပရောက်  မြန်မာရွှေ့ပြောင်း အလုပ်သမားများ စိစစ်လက်ခံရေး နှင့်   နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ  ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊  မြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ   ဦးတင်ဦးကျော် နှင့်အဖွဲ့ဝင်များက  စနစ်တကျ ကြိုဆိုလက်ခံခဲ့ကြသည်။
၎င်းနေရပ်ပြန် ပြည်သူများကို   ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit စနစ်ဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  ရောဂါပိုးတွေ့ရှိသူ   ၃၆  ဦး ရှိသဖြင့်  ၎င်းတို့ကို  ကျန်းမာရေး  စောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်ရန်အတွက် ကုသရေးစင်တာများသို့  ပို့ဆောင်ပေးခဲ့ကြောင်း  သိရသည်။   ကျန်ရှိသည့်နေရပ်ပြန် ပြည်သူများကို ဝမ်လုံး  အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာသို့    ပို့ ဆောင်ပေးကာ  တတိယမြောက်နေ့တွင်     ဒုတိယအကြိမ်ထပ်မံ စစ်ဆေးပြီး  ပိုးကင်းစင်သူများကို သက်ဆိုင်ရာ   နေရပ်ဒေသများသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယာဆေး
(ပြန်/ဆက်)