
မောင်မျိုးအောင် (ပန်းဧရာ)
ကလေးသူငယ်ဟူသည် အနာဂတ် နိုင်ငံတော်၏ အားပင်ဖြစ်၏။ တိုင်းပြည် တစ်ပြည် ဖွံ့ဖြိုးတိုးတက်ရေးသည် ယင်းတိုင်းပြည်၏ လူငယ်တို့အပေါ် တည်မှီ၏။ ထို့ကြောင့် ယနေ့ခေတ် လူငယ်များ၏ အခြေအနေကို လေ့လာ ၍ နောင်အနာဂတ်နိုင်ငံတော်၏ အခြေ အနေကိုသုံးသပ်နိုင်၏။ နိုင်ငံတကာတွင် လူငယ်များ၏ အသက်အရွယ်နှင့် ပတ်သက်၍ သဘောတူညီထားသော စံသတ်မှတ်ချက်ဟူ၍မရှိဘဲ နိုင်ငံအလိုက် သီးခြားစီ သတ်မှတ်ထားကြသည်။ မြန်မာနိုင်ငံတွင်မူ ကလေးသူငယ် ဆိုသည်မှာ အသက် ၁၈ နှစ် မပြည့် သေးသောသူကိုဆိုသည်ဟု အဓိပ္ပာယ် ဖွင့်ဆိုထား၏။ ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်းအရ နိုင်ငံလူဦးရေ၏ ၃ ပုံ ၁ ပုံခန့် သည် လူငယ်များပင်ဖြစ်၏။ ထို့ကြောင့် နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုသည် လူငယ်များအပေါ် မှီခိုသည်ဆိုသည်မှာ သဘာဝကျလှ၏။
ပတ်ဝန်းကျင်က ပြုစုပျိုးထောင်ပေးရန် တာဝန်ရှိ
ကလေးသူငယ်များသည် ရိုးသားပြီး ပင်ကိုယ်စိတ်မှာ ရှင်းရှင်းနှင့် ပွင့်လင်း၏။ မရိုးသားမှုအရိပ်အယောင်ဟူ၍ မြူမှုန်မျှ မယှက်သန်း၊ သူတစ်ပါးအပေါ် မကောင်း ကြံစိတ်၊ ငြူစူစိတ်၊ အကုသိုလ်စိတ် များ လုံးဝကင်း၍ နှလုံးသားဖြူစင်လှ၏။ ယေဘုယျအားဖြင့် လူငယ်တိုင်းသည် ပင်ကိုယ်စရိုက်မှာ နုပျိုလန်းဆန်းခြင်း၊ သွက်လက်ထက်မြက်ခြင်း၊ အရာရာကို စူးစမ်းလိုခြင်း၊ အပေါင်းအဖော်ကို မင်ခြင်း၊ စိတ်ဓာတ်ခိုင်မာခြင်း၊ ရဲရင့် သတ္တိရှိခြင်း၊ နိုးကြားတက်ကြွခြင်း စသည့် ကောင်းမြတ်သောအရည်အသွေး များရှိ၏။ ထို့ကြောင့် လူငယ်တို့သည် ဖယောင်းရုပ်ကဲ့သို့ ပြုပြင်ပုံသွင်းရန် အကောင်းဆုံးဖြစ်၏။ လမ်းကြောင်းမှန် ပေါ်ရောက်အောင် နည်းမှန်လမ်းမှန် တည့်မတ်ပေးခြင်းဖြင့် လူငယ်များ၏ ကိုယ်ရည်ကိုယ်သွေး မြင့်မားခြင်း၊ ယုံကြည်မှုမှန်ကန်ခိုင်မြဲခြင်း၊ ကိုယ်ကျင့် တရားကောင်းမွန်ခြင်း၊ အကြားအမြင် ဗဟုသုတပြည့်စုံခြင်း၊ စွန့်လွှတ်စွန့်စားအနစ်နာခံခြင်း၊ အမြော်အမြင်ရှိခြင်း၊ မကောင်းမှုပြုရန် ရှက်ကြောက်ခြင်း စသော အရည်အသွေးကောင်းများ ပေါ်ထွက်လာနိုင်ပေသည်။ ထိုအချက် များ ပြည့်စုံစေရေးအတွက် မိဘ၊ ဆရာ နှင့် ၎င်းတို့၏ အုပ်ထိန်းသူ၊ ၎င်းတို့၏ ပတ်ဝန်းကျင်က သင်ကြားပြသ၊ ပြုစု ပျိုးထောင်ထောက်ပံ့ပေးရန် တာဝန်ရှိလှ၏။
လူငယ်များအနေဖြင့် ပြဿနာ တစ်ရပ်ကို နည်းမှန်လမ်းမှန်ဖြေရှင်း နိုင်ရန်အတွက် ကြောင်းကျိုးတွက်ဆပြီး အသိပညာကို အသုံးချတတ်ရန် လိုအပ် ပေသည်။ အသိပညာရရှိရန်အတွက် အတန်းပညာဖြင့် စာပေတတ်မြောက် သင်ယူခြင်း၊ ၎င်းမှတစ်ဆင့် စာပေ ဖတ်ရှုခြင်းနှင့် စူးစမ်းလေ့လာခြင်းတို့ကို ပြုရသည်။ မြန်မာနိုင်ငံတွင် ကျောင်းနေ အရွယ်ကလေးသူငယ်များအား အခြေခံ ပညာဦးစီးဌာန၏စာရင်းများအရ ၁၉၉၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ကျောင်းနေ သည့်ဦးရေသည် ၁၆ သန်းကျော်ရှိပြီး ၁၉၉၇ ခုနှစ်တွင် စတင်တက်ရောက် သည့်ကလေးများမှ ၂၂ ရာခိုင်နှုန်း၊ ၁၉၉၈ ခုနှစ်တွင် စတင်တက်ရောက်သည့် ကလေးများမှ ၂၅ ဒသမ ၅ ရာခိုင်နှုန်း၊ ၁၉၉၉ ခုနှစ်တွင် စတင်တက်ရောက်သည့် ကလေးများမှ ၂၆ ဒသမ ၅၃ ရာခိုင်နှုန်း တို့သာ နဝမတန်းသို့ ရောက်ရှိခဲ့ပြီး ထိုသို့ တက်ရောက်ခဲ့သည့်အထဲတွင် ၂၀၀၉ ခုနှစ်တွင် စတင်တက်ရောက်သည့် ကလေးများမှ ၄၂ ရာခိုင်နှုန်းဖြင့် နဝမ တန်းသို့ အမြင့်ဆုံးတက်ရောက်နိုင်ခဲ့ သည်ကို တွေ့ရှိရသည်။ သို့သော်လည်း ၄၀ ရာခိုင်နှုန်းကျော်သာ အခြေခံပညာ အထက်တန်းအဆင့်သို့ ရောက်ရှိခဲ့ သည့်အတွက် ၆၀ ရာခိုင်နှုန်းခန့်သည် အခြေခံပညာအလယ်တန်း အဆင့်ဖြင့် ပြီးဆုံးသွားသည့် သဘောပင်ဖြစ်သည် ကို တွေ့ရှိရသည်။ တက္ကသိုလ်ဝင်တန်း ဖြေဆိုခြင်းတွင် ၁၉၉၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ဒသမတန်းဖြေဆိုသည့် ကျောင်းသားများအနက် ၃၃ ဒသမ ၄၆ ရာခိုင်နှုန်းသာ အောင်မြင်ခဲ့ကြသည်ကို တွေ့ရပေသည်။ ၁၉၉၇ ခုနှစ်က ကလေး အရွယ်များသည် ယခုအချိန်တွင် လူငယ် လူရွယ်များဖြစ်နေမည်ဖြစ်သဖြင့် ၎င်းတို့ ၏ ပညာရေးအခြေအနေသည် မူလတန်း ပညာနှင့် ထက်ဝက်ခန့်ရှိပြီး အလယ် တန်း ပညာပြီးမြောက်သူ ၂၀ ရာခိုင်နှုန်း ခန့်နှင့် အထက်တန်းပညာပြီးမြောက် သူ ၃၀ ရာခိုင်နှုန်းကျော်သာ ရှိသည်ကို တွေ့ရှိရသည်။ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းကြေညာသည့်အချိန်တွင် အသက် ၅ နှစ်နှင့်အထက် ၈ ဒသမ ၁ ရာခိုင်နှုန်း (၄ သန်းနီးပါး)ခန့် စာလုံးဝ မတတ်သည်ကို တွေ့ရှိရသည့်အတွက် ပညာရေးနှင့်ပတ်သက်၍ လုံးဝမကောင်း သည့် အချက်တစ်ချက်ပင်ဖြစ်ပြီး နိုင်ငံတော်အတွက် စိုးရိမ်ဖွယ်ရာဖြစ်ပေသည်။
မှန်ကန်သောအတွေးအခေါ်များ
သွတ်သွင်းပေးရန် အရေးကြီး
အစိုးရတစ်ရပ်ဆိုသည်မှာ ၎င်း တာဝန်ယူထားသော သက်တမ်းကိုသာ တာဝန်ခံရသည်မဟုတ်၊ အနာဂတ် အစိုးရနှင့် လူငယ်မျိုးဆက်သစ်များ အတွက်ပါ တာဝန်ရှိ၏။ ထိုသို့ လူငယ် များ၏ ပညာတတ်မြောက်မှု အားနည်း လာသည်နှင့်အမျှ အတွေးအခေါ်ပိုင်း များ ချို့တဲ့လာကာ တိုင်းပြည်အတွင်း အမှုအခင်းများခြင်း၊ ဆင်းရဲမှုများပြား လာခြင်းတို့သည် တွဲဆက်ပါလာရသည်။ ထိုသို့ချို့တဲ့မှုအပေါ် နိုင်ငံရေးသမား တို့၏ ဟောပြောမှုကြောင့် ၎င်းတို့ စိတ်များသည် ယိမ်းယိုင်သွားကြခြင်း များ ပေါ်ပေါက်လာခဲ့၏။ စင်စစ် လူငယ် တို့၏ နုနယ်သော နှလုံးသားများအား နိုင်ငံရေးသမားများက အရောင်ဆိုးကြ ၏။ နိုင်ငံရေးသမားတို့၏ ဆိုးသော အရောင်ကိုလိုက်၍ ပြောင်းလဲမည့် ရေနှင့်သဏ္ဌာန်တူ၏။ ထို့ကြောင့် လူငယ်တို့၏ သန့်ရှင်းမှုရှိသည့် နှလုံး သားအား မညစ်နွမ်းစေသင့်ပေ။ လူငယ် တို့၏ အသိစိတ်သို့ မှန်ကန်သောအတွေး အခေါ်များကိုသာ သွတ်သွင်းပေးရန် အရေးကြီးလှပေသည်။
ရင်နင့်ဖွယ်ရာ တွေ့ရှိလိုက်ရ
ယနေ့မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် မျှော်လင့် မထားသော နိုင်ငံရေးအပြောင်းအလဲ ဖြစ်စဉ်တစ်ရပ်နှင့် ကြုံတွေ့ခဲ့ရပြီး သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ သည်။ ထိုသဘောထားကွဲလွဲမှုများက တစ်ဆင့် NLD ပါတီဝင်များ၊ ၎င်းပါတီ ကို ထောက်ခံသူ အစွန်းရောက်များ၊ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စု များဖြစ်သည့် CRPH နှင့် NUG တို့က တိုင်းဖျက်ပြည်ဖျက်နှင့် ပြည်သူလူထု တို့၏ နေ့စဉ် လူနေမှု ဘဝပျက်စီးအောင် နည်းမျိုးစုံဖြင့် လုပ်ဆောင်နေလျက် ရှိပါသည်။ ထိုသို့လုပ်ဆောင်ရာတွင် နိုင်ငံရေးသမားများသည် ဆန္ဒပြကြရာ၌ ဥမမည်၊ စာမမြောက်သည့် ကလေး သူငယ်များ (မူလတန်းအရွယ်) အား ခေါ်လာခဲ့ကြပြီး ကလေးငယ်များအား ၎င်းတို့ခိုင်းသမျှ လိုက်လုပ်စေခဲ့သည်။ ဘာမျှမသိ နားမလည်သည့် ကလေး သူငယ်များအား နိုင်ငံရေးဇာတ်ခုံပေါ်သို့ အတင်း တွန်းပို့နေကြ၏။ ထိုမှတစ်ဆင့် အလယ်တန်းပညာသင် အသက်အရွယ် ငယ်သေးသည့်ကလေးများကို အကြမ်း ဖက်မှုလုပ်ငန်းများ စသည့်ရာဇဝတ်မှု ကြီးလေးသော လုပ်ငန်းများတွင်လည်း ကျူးလွန်လာစေရေး သွေးထိုးလှုံ့ဆော် စေခိုင်းပြုလုပ်လာကြသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့၏ (၉/၂၀၂၁) ကြိမ် မြောက် သတင်းစာရှင်းလင်းပွဲတွင် အသက် ၁၄ နှစ်အရွယ် သတ္တမတန်း ကျောင်းသူ မကြယ်စင်နှင်းဝေ၏ Video ဖိုင်ကို ကြည့်လိုက်ရခြင်းဖြင့် နိုင်ငံရေး ကိုယ့်လိုဘပြည့်စေရေး အတ္တစိတ်တစ်ခု အတွက် ကလေးသူငယ်များ လမ်းမှား ရောက်အောင်တွန်းပို့မှုကို ရင်နင့်ဖွယ်ရာ တွေ့ရှိလိုက်ရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အနာဂတ်လူငယ်လေးများ၏ ပညာသင်ကြားရေး၊ ပညာတတ်မြောက် မှုအခွင့်အလမ်းများ ရရှိစေရေးအတွက် အခက်အခဲများကြားမှ ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမများ၏ လုံခြုံရေးကိစ္စရပ်များကို ထည့်သွင်း စဉ်းစားပြီး အခြေခံပညာကျောင်းများ ဖွင့်လှစ်ပညာသင်ကြားနိုင်ပြီး စီမံ ဆောင်ရွက်ပေးခဲ့၏။ ၎င်းအပေါ် NLD ပါတီလက်ဝေခံ CRPH၊ NUG၊ PDF၊ GZ စသည့် အကြမ်းဖက်အဖွဲ့များမှ မိမိတို့၏ ကိုယ်ကျိုးရှာနိုင်ငံရေးအတွက် အောက်လမ်းနည်းဖြင့် ခြိမ်းခြောက်မှု များပြုလုပ်ကာ အနာဂတ်လူငယ်များ ၏ ပညာသင်ကြားရေးကို အနှောင့် အယှက်ပြုလျက်ရှိသည်ကို တွေ့ရှိရပေ သည်။ ထို့အပြင် လူငယ်လူရွယ်များကို သွေးထိုးလှုံ့ဆော်ကာ အကြမ်းဖက်လုပ် ငန်းများ လုပ်ကိုင်စေရန်အတွက် လူမှု ကွန်ရက်များမှတစ်ဆင့် စည်းရုံး လှုံ့ဆော်နေကြောင်းကိုလည်း မြင်တွေ့ ရ၏။ ထိုသို့ ကလေးသူငယ်များကို လက်နက်ကိုင်၍ အကြမ်းဖက်လုပ်ရပ် များ လုပ်ဆောင်စေခြင်း၊ ဖောက်ခွဲ ဖျက်ဆီးစေခြင်း၊ ၎င်းတို့နှင့်အမြင်မတူသူများကိုပစ်မှတ်ထားကာ တိုက်ခိုက် စေခြင်းတို့သည် အနာဂတ်ကလေး သူငယ်များကို အကြမ်းဖက်သမားများ အဖြစ်သို့ရောက်ရှိစေရေး တွန်းပို့နေခြင်း ပင်ဖြစ်၏။ ၎င်းတို့သည် ကလေးသူငယ် များ၏ အခွင့်အရေးများကို ရိုက်ချိုး နေခြင်းသာဖြစ်ပြီး အနာဂတ်သာယာ လှပရေးကိုပါ ဖျက်ဆီးနေခြင်းဖြစ်ပေ သည်။ ထိုသို့ ကလေးသူငယ်များ၏ အခွင့်အရေးများကို တားဆီးပိတ်ပင် ဟန့်တားနေပြီး ကလေးသူငယ်များ၏ အနာဂတ်သာယာလှပရေးကို ဖျက်ဆီး နေသူများအား မူလကျူးလွန်သည့် ပြစ်မှုများအပြင် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ဥပဒေပြဋ္ဌာန်း ချက်များအရပါ တရားစွဲဆို၍ ထိထိ ရောက်ရောက် ဟန့်တားစေသည့် ပြစ်ဒဏ်များ ချမှတ်သင့်၏။ ကလေး သူငယ်များ၏ အတွေ့အကြုံနည်းပါး ခြင်းနှင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်မှု နည်းပါးခြင်းတို့ကို အခွင့်ကောင်းယူ ပြီး နိုင်ငံရေးအမြတ်ထုတ်လိုသူများကို လည်း ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေအရ ထိရောက်စွာအရေးယူ ဆောင်ရွက်သင့်ပေသည်။
စီမံကိန်းများ ချမှတ်ဆောင်ရွက်
ဆရာအောင်သင်း၏ ‘‘ဘဝဆိုတာ အချိန်တွေနှင့်ဖွဲ့စည်းထားတာ၊ အချိန်ကို တန်ဖိုးရှိအောင်အသုံးချမှ တန်ဖိုးရှိတဲ့ ဘဝဖြစ်လာနိုင်တယ်’’ဆိုသည့် စာစကား အရ ယနေ့လူငယ်များ၏ တန်ဖိုးရှိသော အချိန်၊ တန်ဖိုးရှိသောဘဝကို နိုင်ငံရေး သမားတို့က ဖျက်ဆီးခဲ့ကြ၏။ တိုင်းပြည် ၏အနာဂတ်အတွက် ကြီးမားသော အန္တရာယ်ပင်ဖြစ်၏။ လမ်းမှန်ရောက် အောင် မိဘ၊ ဆရာသမား၊ မိတ်ကောင်း၊ ဆွေကောင်းတို့ ကူညီလမ်းညွှန်သွန်သင် မှုနှင့်ပင် ရှေ့ဆက်သွားရပေမည်။
အသက်အရွယ်ငယ်ရွယ်ပြီး ယိမ်းယိုင် တတ်သည့် လူငယ်များ လမ်းကြောင်းမှန် ရောက်ရန် ထိန်းကျောင်းပေးရပေမည်။ ရုပ်ဝတ္ထု မြှူဆွယ်မှုနှင့် မှားယွင်းသောအတွေးအခေါ်တို့ကြောင့် လူငယ်များ၏ မူလရှိပြီးသော ဖြူစင်ရိုးဖြောင့်သည့် ဗီဇများသည် မပျောက်ပျက်စေသင့်ပေ။ မှန်ကန်သော အတွေးအခေါ်ရင့်သန် စေပြီး အကျိုးရှိအောင်အသုံးချတတ်ရန် လိုအပ်မည်ဖြစ်၏။ နိုင်ငံတော်အနေဖြင့် လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက် ရှိနေသည်။
‘‘စာသင်ခန်းအစ လူငယ်တို့၏ဘဝ’’ ဟူသော စကားအတိုင်း ကျောင်းသား လူငယ် ပထမအရွယ်ကပင်စ၍ ကိုယ်၊ နှုတ်၊ နှလုံးသုံးပါး ကောင်းမွန်ရေး ဖြစ်သည့် ကိုယ်ကျင့်တရားကောင်းမွန် ရေးကို ပတ်ဝန်းကျင်က လေ့ကျင့်ပေး ၍ ကိုယ်တိုင်ကျင့်ကြံနေရပေမည်။ ကိုယ်ကျင့်တရားများ ကောင်းမွန်လာ မှသာ ဟုတ်သောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး၊ သူတော် ထုံးကို၊ လက်ဝယ်ခိုင်ခိုင် ကိုင်ဆောင် နိုင်ပြီး မည်သို့သော အသုံးချခံမှုမျိုးမှ ကင်းဝေးမည်ဖြစ်၏။
အချုပ်အားဖြင့်ဆိုရသော် လိမ်လည် လှည့်စားသူ၊ လှည့်ဖြားသူတို့က မိမိ လိုချင်ရာအတွက် ရနိုင်သမျှနည်းလမ်း ဖြင့် အတ္တကိုယ်ကျိုးအတွက် လုပ်ကြ မည်သာဖြစ်၏။ ယနေ့ မြန်မာနိုင်ငံ အတွင်း အကြမ်းဖက်မှုလုပ်ငန်းများတွင် လူငယ်များ ပါဝင်ပတ်သက်မှုမရှိစေရေး နေ့စဉ်လူမှုဘဝများတွင် လောဘနှင့် ဆန္ဒကို သတိ၊ ပညာတို့ဖြင့် ချွန်းအုပ် ကာ နိုင်ငံရေးသမားများ၏ အသုံးချမှု အန္တရာယ်က ရှောင်ရှားကာကွယ်နိုင်မည် ဟု ယုံကြည်မျှော်လင့်မိပါ၏။ သို့မှသာ တိုင်းပြည်၏ အနာဂတ်သည်လည်း အလှပန်းဝေစုံစွာဖြင့် သာယာတင့်တယ် နေပေလိမ့်မည်ဖြစ်တော့၏။
- Log in to post comments