အထွက်ကောင်းဆီနေကြာ ဆင်းရွှေကြာ(၂) မျိုးစေ့အိတ်များ ထောက်ပံ့ပေးအပ်

 

တောင်ငူ အောက်တိုဘာ ၁၀


ပဲခူးတိုင်းဒေသကြီး    တောင်ငူမြို့နယ်အတွင်း    စားသုံးဆီဖူလုံရေး အတွက်     နေကြာသီးညှပ်စိုက်ပျိုးမည့်    တောင်သူများအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်က      ထောက်ပံ့သော   အထွက်ကောင်းဆီ နေကြာဆင်းရွှေကြာ(၂) မျိုးစေ့အိတ်များကို   ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပေးအပ်သည်။


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးညီညီလွင်စိုး၊    မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးနိုင်မင်းလှိုင်နှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးစိုင်းအောင်ညွန့် တို့က  တောင်ငူမြို့နယ်အတွင်း  မတ်ပဲစိုက်ခင်းများအကြား  သီးညှပ် စိုက်ပျိုးမည့် ကျေးရွာအုပ်စု ၁၃ အုပ်စု၊  ကျေးရွာ ၁၈ ရွာမှ   တောင်သူ များအတွက် မျိုးစေ့အိတ်တစ်အိတ်လျှင် နှစ်ဧကနှုန်း စိုက်ပျိုးနိုင်မည့် အထွက်ကောင်းဆီနေကြာ ဆင်းရွှေကြာ(၂)မျိုးစေ့ ဧက ၆၀၀ အတွက် နေကြာမျိုးစေ့အိတ်  ၃၀၀ ကို စိုက်ပျိုးမည့်  တောင်သူ ၁၈၂ ဦးထံ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်သည်။ 


​တောင်ငူမြို့တွင် မိုးရာသီနှင့် ဆောင်းရာသီအတွင်း  ဆီထွက်သီးနှံ များဖြစ်သည့်    မြေပဲ ၄၁၅၄ ဧကနှင့်    နှမ်း ၅၃၈၃ ဧက  စိုက်ပျိုး ထားရာ  ယခုနှစ်တွင် မတ်ပဲစိုက်ခင်းများအကြား နေကြာသီးနှံ ဧက ၆၀၀ ကို    စိုက်ပျိုးမည်ဖြစ်ကြောင်း၊   လာမည့်ဆီထွက်သီးနှံ  စိုက်ပျိုး ရာသီတွင်လည်း     ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရန်    မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။    


ခရိုင်(ပြန်/ဆက်)