ပင်လယ်ပျော်ဆလုံတိုင်းရင်းသားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

 

ကော့သောင်း   အောက်တိုဘာ   ၈


တနင်္သာရီတိုင်းဒေသကြီး  ကော့သောင်းမြို့နယ် ဇာဒက်ကြီး ကျေးရွာအုပ်စု    ဇာဒက်ကြီးကျွန်း  တလွန်းဆလုံတိုင်းရင်း သားကျေးရွာမှ ဆလုံတိုင်းရင်းသားများအား ကော့သောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ   ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး   သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။


မြန်မာနိုင်ငံတောင်ဘက်စွန်း ပင်လယ်ကျွန်းတချို့သည်     ပင်လယ်ပျော်လူသားမျိုးနွယ်စုတစ်စုဖြစ်သည့် မော်ကင်း (ခေါ်)ဆလုံလူမျိုးများ နေထိုင်ကျက်စားရာဒေသများဖြစ်ပြီး ရှားပါးလူသားမျိုးနွယ်စုလည်းဖြစ်ရာ ယနေ့ကမ္ဘာနှင့် အဝန်း ကူးစက်ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ဆလုံလူမျိုးများ အများစုနေထိုင်ရာ   ကျေးရွာများသို့     ကူးစက်ပြန့်ပွားမှု မရှိစေရန်    ကော့သောင်းမြို့နယ်       စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိအဖွဲ့အစည်း များ ပူးပေါင်း၍ အောက်တိုဘာ ၇ ရက်က  သွားရောက်ထိုးနှံပေးခြင်း ဖြစ်သည်။


ကာကွယ်ဆေးထိုးနှံမှုတွင် ဇာဒက်ကြီးကျွန်းပေါ်ရှိ တလွန်းဆလုံ ကျေးရွာမှ ဆလုံတိုင်းရင်းသားများအပါအဝင်   ကျေးရွာနေပြည်သူ  ၃၃၀  အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး   Sinovac အား ပထမကြိမ်     ထိုးနှံပေးခဲ့ကြခြင်းဖြစ်သည်။  အလားတူ ကော့သောင်းခရိုင် ပင်လယ် ပြင်အတွင်းရှိ  အခြားကျွန်းများပေါ်မှ ကျေးရွာများရှိ ကျေးလက်နေ ပြည်သူများအားလည်း   ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း   သိရသည်။  


  ကျော်စိုး (ကော့သောင်း)