
ရန်ကုန် အောက်တိုဘာ ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေး ဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံ သွင်းကုန်ထုတ်ကုန်လုပ်ငန်းရှင်များမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးပြောကြားသည်။
ပိုးသတ်ဆေးဓာတ်ကြွင်းများ မပါရှိစေရေး
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက သီးနှံ ကာကွယ်ရေးလုပ်ငန်းသည် သီးနှံလေလွင့်ဆုံးရှုံးမှု လျော့ပါးစေရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့်ရေးအတွက် အရေးပါသော လုပ်ငန်းဖြစ်ကြောင်း၊ အထူးသဖြင့် ဆန်၊ ပြောင်း၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ တင်ပို့မှု အရေအတွက်နှင့် တန်ဖိုးများ မြင့်တက်လျက်ရှိ သည်ကို တွေ့ရကြောင်း၊ အထူးသဖြင့် ပဲသီးနှံ မှ အမေရိကန် ဒေါ်လာသန်း ၂၅၀၀တန်ဖိုးအထိ တိုးတက် တင်ပို့နိုင်ခဲ့ကြောင်း၊ အခြား နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိနိုင်သော သီးနှံများ တင်ပို့နိုင်ရေး အတွက် တင်သွင်းသည့်နိုင်ငံများနှင့် သဘောတူညီ ချက်ရရှိရေးနှင့် သီးနှံပိုးမွှား ရောဂါကင်းရှင်းကြောင်း လက်မှတ် SPS Certificate လက်မှတ်များ ထုတ်ပေး ရာတွင် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ပါဝင် နေမှုများ လျှော့ချနိုင်ရေးလုပ်ငန်းများတွင် အစိုးရ နှင့် ပုဂ္ဂလိကတို့က ညှိနှိုင်းဆွေးနွေးကြစေလိုပါ ကြောင်း၊ ပြည်ပပို့ကုန်များ၏ စားနပ်ရိက္ခာ အန္တရာယ်ဓာတ်ကြွင်း မရှိစေရေး ဈေးကွက်အသစ် များ ရရှိစေရေးနှင့် ဓာတ်ခွဲခန်းများ အရည်အသွေး မြှင့်တင်ရန် လိုအပ်ပါကြောင်း၊ သီးနှံကာကွယ်ရေး တွင် ပဲမျိုးစုံပို့ကုန်ကဏ္ဍတွင် ဈေးကွက်အသစ်များ ပွင့်လင်းလာပြီး အလားအလာရှိသည့် ပဲတီစိမ်းသီးနှံ တွင် ကန့်သတ်ထားသည့် ပိုးသတ်ဆေးဓာတ်ကြွင်း များ မပါရှိစေရေးအတွက် သတ်မှတ်ခွင့်ပြုထား သည့် သီးသန့်ဇုန်များ တည်ထောင်နိုင်ရေးအတွက် သက်ဆိုင်ရာ ပုဂ္ဂလိကနှင့် သီးနှံကာကွယ်ရေးဌာန ခွဲတို့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန သီးနှံ ကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဇော်လင်း က သီးနှံကာကွယ်ရေးဌာနခွဲတာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆောင်ရွက်ထားရှိ
ယင်းနောက် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်း ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးထွန်းလွင်နှင့် မြန်မာနိုင်ငံ ပြောင်းအသင်း အတွင်းရေးမှူး ဦးသန့်ဇင်ထွန်းတို့က ဆန်၊ ပြောင်း၊ ပဲမျိုးစုံနှင့် နှမ်းများ ပြည်ပနိုင်ငံများသို့ တင်ပို့ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။ ထို့နောက် တက်ရောက်လာကြ သည့် သွင်းကုန်ထုတ်ကုန်လုပ်ငန်းရှင်များ အသင်း မှ တာဝန်ရှိသူများက ပို့ကုန်လုပ်ငန်းများ ဆောင်ရွက် နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး က တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးပြီး နိဂုံးချုပ်စကားပြောကြားသည်။ ယင်းနောက် အစည်းအဝေးခန်းမအတွင်း ပြသထားသည့် သီးနှံ ကာကွယ်ရေးဌာနခွဲမှ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုသည်။
လှည့်လည်ကြည့်ရှု
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ အရာထမ်းဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဆွေးနွေးမှာကြားသည်။ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း မြို့နယ်)ရှိ Myanmar CP Livestock Chicken & Pork slaughter hose စက်ရုံသို့ ရောက်ရှိပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ရွာသာ ကြီး ဘက်စုံမွေးမြူရေးစခန်းသို့ ရောက်ရှိကြပြီး လုပ်ငန်းဆိုင်ရာများ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်