
နေပြည်တော် အောက်တိုဘာ ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရုံး ရန်ကုန်မြို့တော်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
တက်ရောက်
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်း ဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ် ကြီး မိုးမြင့်ထွန်း၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးအောင်သန်းဦး၊ ဒေါက်တာ ချာလီသန်း၊ ဦးခင်ရီ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ပြည်ပသွင်းကုန်အစားထိုး
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင် ရွက်မှုအခြေအနေ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး ဆောင်ရွက်နေမှုအခြေအနေ၊ အခွန်ငွေ ကောက်ခံရရှိမှုနှင့် သုံးစွဲမှုအခြေအနေ၊ တိုင်းဒေသ ကြီး အတွင်း စိုက်ပျိုး/ မွေးမြူရေးဆိုင်ရာ၊ ဝန်ဆောင် မှုကဏ္ဍဆိုင်ရာ၊ စက်မှုလုပ်ငန်းကဏ္ဍဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက် လျက်ရှိမှုအခြေ အနေ၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ကုသရေးစင်တာများ ဖွင့်လှစ်ထားရှိမှုအခြေအနေ၊ နိုင်ငံသားစိစစ်ရေးကတ်များ ရရှိစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိမှုအခြေ အနေ၊ သောက်သုံးရေ ဖူလုံစွာရရှိရေး၊ အနာဂတ် ရေပေးဝေရေးစီမံချက်နှင့် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာရရှိရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ကုန်ထုတ်လုပ်ငန်းများမှ ပြည်တွင်း ထုတ်ကုန်များထုတ်လုပ်၍ ပြည်ပသွင်းကုန် အစား ထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များကိုလည်းကောင်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက ရန်ကုန်မြို့တော် သန့်ရှင်းသာယာလှပ ရေးနှင့် ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရေးအတွက် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက် လျက်ရှိမှုအခြေအနေ၊ ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းကောင်းမွန်စေ ရေးဆောင်ရွက်မှုအခြေအနေများ ကိုလည်းကောင်း ရှင်းလင်းတင်ပြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်ကလိုအပ်သည်များ ဖြည့်စွက် ရှင်းလင်း မှာကြားသည်။
ရှင်းလင်းပြောကြား
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးများက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာနများအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ စက်မှုလုပ်ငန်းများတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေ၊ ကျေးလက်နေ ပြည်သူများစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ပေးနေမှုအခြေအနေ၊ နိုင်ငံသားစိစစ်ရေးကတ် များရရှိရေး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိ သည့်အခြေအနေ၊ လျှပ်စစ်ဓာတ်အားများ လုံလောက် စွာရရှိရေးနှင့် ဓာတ်အားပြတ်တောက်မှုများ မရှိစေ ရေးအတွက် ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ မီတာခများကောက်ခံရရှိရေး ဆောင်ရွက်လျက်ရှိ သည့်အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ကျန်းမာရေးကဏ္ဍ အဆင့် မြှင့်တင်ရေးဆောင်ရွက်နေမှုအခြေအနေ၊ အမျိုးသား အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် လျက်ရှိသည့်အခြေအနေများကို ဖြည့်စွက် ရှင်းလင်းပြောကြားကြသည်။
Free and Fair ဖြစ်ရန်လို
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က ဖြည့်စွက်ပြောကြားရာတွင် နိုင်ငံသားအားလုံး နိုင်ငံသား မှတ်ပုံတင်ကတ်ပြားနှင့် အိမ်ထောင်စု ဇယားများရရှိရန် အရေးကြီးကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုပေါင်း ၁၁ သန်းကျော် ရှိသည့်အနက် မှတ်ပုံတင်မရှိဘဲ ဆန္ဒမဲပေးခဲ့သူ ၄ သန်းကျော်ခန့် ရှိကြောင်း၊ ဒီမိုကရေစီစနစ်တွင် အထွေထွေ ရွေးကောက်ပွဲသည် အရေးကြီးပြီး Free and Fair ဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် လာမည့် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိ သည့် ပြည်သူများအားလုံး ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံသားမှတ်ပုံတင် ကတ်ပြားများရရှိရေး၊ အိမ်ထောင်စုစာရင်းများ မှန်ကန်ရေး၊ လူဦးရေစာရင်းမှန်ကန်ရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသ ကြီးသည် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ ထက် လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်ပြီး နည်းပညာဖွံ့ဖြိုးမှုနှင့် လူသားအရင်းအမြစ်ကောင်း များ ပိုမိုပေါများသည့် ဒေသဖြစ်သဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများအားလုံး နိုင်ငံသား မှတ်ပုံတင်ကတ်များ အမြန်ဆုံးရရှိရေး ဆောင်ရွက် ကြရန်လိုကြောင်း မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးသည် လူဦးရေအားဖြင့် ၇ ဒသမ ၈ သန်းကျော်ရှိပြီး နိုင်ငံ လူဦးရေ၏ ၁၅ ရာခိုင်နှုန်းနီးပါးခန့် နေထိုင်လျက် ရှိကြောင်း၊ ၇ ဒသမ ၈ သန်းကျော်အနက် ကျေးလက် နေ လူဦးရေ ၂ ဒသမ ၅ သန်း ခန့်ရှိသဖြင့် ရန်ကုန် တိုင်းဒေသကြီးတွင် မြို့နေလူဦးရေ ပိုမိုများပြား ကြောင်း၊ တိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ် ရေးများကောင်းမွန်ပြီး သွားလာမှုအဆင်ပြေကာ နည်းပညာအရလည်း ဖွံ့ဖြိုးတိုးတက်မှုရှိသဖြင့် ရန်ကုန်မြို့သည် လုပ်ငန်းများဆောင်ရွက်မှုနှင့် ပတ်သက်၍ လွန်စွာအဆင်ပြေသည့် မြို့တစ်မြို့ဖြစ် ကြောင်း၊ ရန်ကုန်မြို့သည် ပညာသင်ကြားရေးနှင့် ပတ်သက်၍ နိုင်ငံ၏ထိပ်တန်းနေရာတွင်ရှိပြီး လွတ်လပ်ရေးရရှိသည်မှ ၂၀၀၆ ခုနှစ်အထိ နိုင်ငံ၏ မြို့တော်အဖြစ် တည်ရှိခဲ့သဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေအနေကောင်းများစွာ ရှိကြောင်း။ ရေခံမြေခံကောင်းမွန်ပြီး ဖြစ်သဖြင့် အခြားဒေသများထက် ပိုမိုကောင်းမွန်တိုးတက် အောင် တာဝန်ရှိသူများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။
အသိအမှတ်ပြုချီးကျူး
ရန်ကုန်မြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ တတိယလှိုင်းတွင် ဖြစ်ပွားမှုများ များပြားခဲ့သော်လည်း ယခုအခါ ကူးစက်မှုနှုန်းအနိမ့် ဆုံးနှင့် သေဆုံးမှုနှုန်း အနိမ့်ဆုံးသို့ရောက်ရှိနေပြီ ဖြစ်သဖြင့် ဆက်လက်ထိန်းသိမ်း၍ ဆောင်ရွက်ကြရန် လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် မိမိတို့အနေဖြင့် အရေးပေါ် တုံ့ပြန်နိုင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းတွင် ရောဂါကူးစက်မှုများ ကျဆင်း လာသည်ကိုဝမ်းမြောက်ဖွယ် တွေ့မြင်ရကြောင်း၊ ကာကွယ်ကုသရေးနှင့်ပတ်သက်၍ လိုအပ်သည့် အထောက်အကူပစ္စည်းများနှင့် ဆေးဝါးများ ပြည့်စုံ စေရေးအတွက်လည်း စုဆောင်းထားရှိဆောင်ရွက်ခဲ့ကြောင်း၊ ထပ်မံဖြစ်ပွားလာနိုင်သော ကူးစက်မှု များအတွက်လည်း အဆိုးဆုံးအခြေအနေအထိ မျှော်တွေးပြီး အကောင်းဆုံးပြင်ဆင်ထားရန် လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကူးစက် မှုနှုန်းနည်းပါးလာခြင်းသည် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်မှုများကြောင့်ပင် ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများအတွက် ရန်ကုန် မြို့နေပြည်သူများကို အသိအမှတ်ပြု ချီးကျူး ပါကြောင်း။
ထိန်းသိမ်းဆောင်ရွက်
ရန်ကုန်မြို့တော် သန့်ရှင်းသာယာလှပရေး အတွက် တာဝန်ရှိသူများအနေဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိုးရာသီကာလများ တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်တတ်သဖြင့် ရေမြောင်းများပိတ်ဆို့မှုမရှိစေရေးအတွက် စီမံ ဆောင်ရွက် လျက်ရှိကြောင်း၊ ရေကြီးရေလျှံမှုများ၏ အဓိကအကြောင်းရင်းမှာ ရေမြောင်းများပိတ်ဆို့မှု ကြောင့်ဖြစ်ပြီး ယခင်အစိုးရအဆက်ဆက် ကြိုးပမ်းခဲ့ သော်လည်း အောင်မြင်မှု မရခဲ့ကြောင်း၊မိမိတို့အစိုးရ တာဝန်ယူချိန် ယခုနှစ်မိုးရာသီကာလအတွင်း ရေကြီး ရေလျှံမှု ထိန်းနိုင်အောင် ကြိုးပမ်းစွမ်းဆောင်နိုင်ခဲ့ကြ သည့် တာဝန်ရှိသူအသီးသီးကို အသိအမှတ်ပြုပါ ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ ကြသည့် ရန်ကုန် မြို့နေပြည်သူများကိုလည်း ချီးကျူးပါကြောင်း၊ သစ်ပင်များစိုက်ပျိုးပြီး အမှိုက်များ ကင်းစင်အောင် ပြုလုပ်ခြင်းဖြင့် Green City , Clean City ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ခြင်း ဖြင့် ပြည်သူများ၏ ကျန်းမာရေးအတွက် သန့်ရှင်း သည့် ပတ်ဝန်းကျင်နှင့် လေကောင်း လေသန့်များကို ရရှိစေမည်ဖြစ်ကြောင်း၊ ပြည်သူများ ကျန်းမာကြံ့ခိုင်မှု အတွက် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ရန်လို ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အားကစား သမားများများစွာပေါ်ထွန်းခဲ့ပြီး ဆက်လက် ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ လူများ ၏ စားသောက်ရေးအတွက် ဈေးဆိုင်များဖွင့်လှစ် ကြပြီး ဈေးဆိုင်အများစုသည် လမ်းမများ၏ဘေး များတွင် တည်ရှိကြကြောင်း၊ အချို့ဈေးဆိုင်များ၏ ဆိုင်းဘုတ်များ၊ အမှိုက်များသည် လူအများ သွားလာလှုပ်ရှားလျက်ရှိသည့် လမ်းမများပေါ်သို့ရောက်ရှိနေကြကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ထိန်းသိမ်းဆောင်ရွက်ကြ ရန်လိုကြောင်း၊ Non Product Element များ လျှော့ချနိုင်မှသာ Green City, Clean City, Fair City ဖြစ်မည်ဖြစ်ပြီး နည်းပညာများနှင့် ပေါင်းစပ်၍ Smart City အဆင့်သို့ ရောက်ရှိမည်ဖြစ်ကြောင်း။
ကျူးကျော်နေထိုင်သူများနှင့် ပတ်သက်၍ စနစ် တကျ ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အများစုသည် ရန်ကုန်မြို့တွင် အလုပ်အကိုင်အခွင့် အလမ်းများရှိသဖြင့် လာရောက်နေထိုင်ကြခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက် အလုပ်အကိုင်များ ရရှိအောင် စီမံကိန်းများချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျေးလက်မြို့ပြ ကွာဟမှုကို လျှော့ချလျက်ရှိကြောင်း၊ သို့မှသာ ကျူးကျော်နေထိုင် သူများ၏ ပြဿနာများ ပြေလည်သွားမည်ဖြစ် ကြောင်း၊ ကျူးကျော်ပြဿနာများကို ဖြေရှင်းနိုင်ခြင်း ဖြင့် မြို့သာယာလှပရေးကိုလည်း အထောက်အကူပြု မည်ဖြစ်ကြောင်း။
နည်းလမ်းရှာဖွေဆောင်ရွက်
အမှိုက်များစွန့်ပစ်ခြင်းနှင့်ပတ်သက်၍ အမှိုက် စွန့်ပစ်သည့်စနစ်များ ကောင်းမွန်စေရေးအတွက် စီမံဆောင်ရွက်ကြရန်လိုကြောင်း၊ စွန့်ပစ်အမှိုက်များမှ Recycle ပြုလုပ်နိုင်ရန်အတွက် အမှိုက်စွန့်စနစ်များ အား အမျိုးအစားအလိုက် ခွဲခြား ဆောင်ရွက်ရန် လိုကြောင်း၊ အမှိုက်များအား မီးရှို့ဖျက်ဆီးမှုများမှ တစ်ဆင့် စွမ်းအင်ထုတ်လုပ်ခြင်းနှင့် မြေဩဇာထုတ် လုပ်ခြင်းများကို ဆောင်ရွက်၍ရသဖြင့် Waste energy ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုကြောင်း၊ လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးအတွက်လည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖြစ်သည့် နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် နည်းလမ်းရှာဖွေ ဆောင်ရွက်ရန်လိုကြောင်း၊ တစ်ဖက်မှလည်း လျှပ်စစ် ဓာတ်အားချွေတာရေးအတွက် မသုံးသင့်သည့်နေရာ များတွင် မီးများအသုံးပြုမှုမရှိစေရေး စနစ်တကျ ဆောင်ရွက်ကြရန်လိုကြောင်း၊ လျှပ်စစ်မီးသက်သာ စေသည့် LED မီးများကို ပြောင်းလဲအသုံးပြုပါက လျှပ်စစ်ဓာတ်အားချွေတာမှုကို ဖြစ်ပေါ်စေသကဲ့သို့ နိုင်ငံတော်အတွက်လည်း အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း။
သမဝါယမစနစ်ကိုကျင့်သုံး
ရန်ကုန်တိုင်းဒေသကြီးအတွင်း စားရေးအဆင် ပြေစေရေးအတွက် တတ်နိုင်သမျှ ဆောင်ရွက်လျက်ရှိ ကြောင်း၊ တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် ဆန်စပါးများမှ ဒေသတွင်း ဆန်ဖူလုံမှုရှိသော်လည်း တစ်ဧက တင်း ၁၀၀ အထက် အထွက်နှုန်းတိုးအောင် ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူများ ဝင်ငွေ ပိုရရှိကာ ဒေသစီးပွားရေး ပိုမိုအဆင်ပြေမည် ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တပ်မတော် စိုက်ပျိုးမွေးမြူရေးဇုန်များမှလည်း ဟင်းသီးဟင်းရွက်နှင့် အသား၊ ငါးနှင့် ကြက်ဥ၊ ဘဲဥ များအား စဉ်ဆက်မပြတ်ထုတ်လုပ်၍ စားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ဒေသတွင်း စားရေးဖူလုံအောင် ဆောင်ရွက်နိုင်ခြင်းဖြင့် ဒေသ အတွင်း လည်ပတ်သုံးစွဲငွေများ များပြားလာပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည် ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုး ရေး လုပ်ငန်းများနှင့်ပတ်သက်၍ Agro Based Industries ကို အကောင်အထည်ဖော် ဆောင်ရွက် ခြင်းဖြင့် အခြားတိုင်းဒေသကြီး နှင့်ပြည်နယ်များထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ရှိပြီးသား အခြေအနေကောင်းများကို အသုံးချ၍ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင် သက်ဆိုင်ရာဌာနများအနေဖြင့် ဆောင်ရွက်ကြရန် လိုကြောင်း၊ အကောင်အထည်ဖော်မည့် သမဝါယမ လုပ်ငန်းသည် ပြည်သူများတိုက်ရိုက်ပါဝင်သည့် သမဝါယမစနစ်ဖြစ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လည်း သမဝါယမစနစ်ကို ကျင့်သုံး၍ အောင်မြင် လျက်ရှိသည်ကို တွေ့ရှိရကြောင်း။
အခွန်ထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ ထိုက် သင့်သည့် အခွန်များပေးဆောင်ရန် လိုကြောင်း၊ မိမိတို့အနေဖြင့် အခွန်နှုန်းထားများ တိုးမြှင့်ခြင်း မပြုကြောင်း၊ ဒီမိုကရေစီ နိုင်ငံတစ်ခုတွင် နိုင်ငံသား တိုင်း အခွန်ထမ်းလိုသည့် စိတ်များရှိရန်လိုကြောင်း၊ အချို့ပြည်သူများသည် လုပ်ငန်းများဆောင်ရွက်ကြ သော်လည်း အခွန်ထမ်းခြင်းမရှိသည်ကို တွေ့ရှိရ ကြောင်း၊ အခွန်ငွေများ ပြည့်ပြည့်ဝဝရရှိမှသာ နိုင်ငံ တိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း။
အခြားကန့်သတ်ချက်များကိုလည်းဖြေလျှော့
ရန်ကုန်မြို့တွင် ရေလုံလောက်စွာရရှိရေးအတွက် ရှိပြီးသားရေအရင်းမြစ်များမှ သုံးစွဲမှုများအား စနစ်တကျဖြစ်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ရေသွယ်တန်းမှုများမှ လေလွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး စစ်ဆေးပြုပြင်ဆောင်ရွက်နေရန် လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ရေအရင်းမြစ်ဖြစ်သည့် မြစ်ချောင်းများ များစွာရှိပြီး စနစ်တကျဖြင့် အသုံးချကြရန်လိုကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ၈ ရာခိုင်နှုန်းအောက်သို့ ရောက်ရှိ လာပြီဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် ပမာဏသို့ ကျဆင်းလာမည်ဆိုပါက Stay at Home သတ်မှတ် ထားမှုများဖြေလျှော့ခြင်းနှင့် ဖြေလျှော့၍ရသည့် အခြားကန့်သတ်ချက်များကိုလည်း ဖြေလျှော့ပေး သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ကူးစက်မှုနှုန်းကျဆင်း လာစေရေးအတွက် တစ်ဦးချင်းကိုယ်စီ အသိ စိတ်ဓာတ်ရှိစွာဖြင့် ထိန်းသိမ်းနေထိုင်ကြရန်နှင့် မိမိ နေထိုင်ရသည့် ပတ်ဝန်းကျင်တွင်လည်း နေထိုင်မှု စည်းကမ်းစနစ်တကျရှိစေရေး ဝိုင်းဝန်းလုပ်ဆောင် သွားကြရန် လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်