
ကျောက်ဖြူ အောက်တိုဘာ ၅
၂၀၂၁ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အသက် ၆၅နှစ်နှင့် အထက်ရှိ ဆရာကြီး၊ ဆရာမကြီးများအား အိမ်တိုင်ရာရောက် ပူဇော်ကန်တော့ခြင်း ကို ယနေ့ နံနက် ၇ နာရီက စတင်ကာ စုရပ် ခုနစ်ခုတွင် အဖွဲ့ ခုနစ်ဖွဲ့ခွဲပြီး သွား ရောက် ပူဇော်ကန်တော့ခဲ့ကြောင်း သိရ သည်။
“ဒီမြတ်ဆရာ ပူဇော်ပွဲဟာ ကျောက်ဖြူမြို့ရဲ့ အစဉ်အလာတစ်ခုပါ။ ကျွန်မတို့ ကျောက်ဖြူမြို့မှာ အခုလို မြတ်ဆရာပူဇော်ပွဲကို ကျင်းပလာတာ အခု အကြိမ်နဲ့ဆိုရင် (၁၃)ကြိမ်မြောက်ရှိ နေပါပြီ။
မြတ်ဆရာပူဇော်ပွဲစတင်ခဲ့တာက ကျောက်ဖြူမြို့နယ် ပညာရေးမှူး ဆရာမကြီး ဒေါ်တင်တင်အုန်း လက်ထက်ကတည်းက စတင်ခဲ့တာ ဖြစ်တယ်။ ဟိုးအရင်နှစ်တွေကတော့ အထက-၃၊ စန္ဒကူးခန်းမနဲ့ စနဲ တိုက်နယ်တို့ကို သွားရောက်ပြီးတော့ ကျင်းပဖြစ်တယ်။ ဂါရဝပြုတဲ့ အခါမှာလည်း တပည့်သားမြေးတွေက မြတ်ဆရာသီချင်းနဲ့ ပြီးတော့ မြတ်ဆရာဂုဏ်ကိုဖော်ကြူးတဲ့ ရတုတွေနဲ့ အခမ်းအနားကို သိုက်သိုက် ဝန်းဝန်း စည်စည်ကားကား ကျင်းပနိုင်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဆရာကြီး ဦးစောဝင်းလက်ထက်မှာတော့ ကိုဗစ်နဲ့ဖြစ်နေတဲ့အတွက် အဝေးရောက်စနစ်နဲ့ပဲ ကန်တော့ခဲ့ရပါတယ်။ အခုကျွန်မလက်ထက် ၂၀၂၁ ခုနှစ်မှာလည်း ကိုဗစ်ကာလဖြစ်နေတဲ့အတွက် ဆရာကြီး၊ ဆရာမကြီးတွေကို ကျွန်မတို့က အိမ်တိုင်ရာရောက်သွားရောက်ပြီး ပူဇော်ကန်တော့မှာ ဖြစ်ပါတယ်” ဟု ကျောက်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်နုနုသာက ပြောသည်။
မြတ်ဆရာပူဇော်ပွဲကျင်းပခြင်းနှင့်ပတ်သက်၍ ပူဇော်ကန်တော့ခံ အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်သည့် ဆရာမကြီး ဒေါ်တင်တင်အုန်း ကလည်း “အခုလို ဆရာမကြီးတို့ အစပျိုးခဲ့တဲ့ မြတ်ဆရာပူဇော်ပွဲကို ဆက်လက်ပြီး အစဉ်အလာမပျက်ကျင်းပနိုင်တဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။ ဆရာ ဆရာမတွေအနေနဲ့လည်း ကိုယ့်ရဲ့တပည့်တွေ အပေါ် ကျောသားရင်သားမခွဲခြားဘဲနဲ့ သင်ကြားပို့ချပေးဖို့ ပြောချင် တယ်။ ခေတ်တွေဘယ်လိုပြောင်းပြောင်း၊ စနစ်ဘယ်လိုပြောင်းပြောင်း ဆရာ ဆရာမတွေအနေနဲ့ စေတနာ၊ ဝါသနာ၊ အနစ်နာဆိုတဲ့ နာသုံးနာ နဲ့ သင်ကြားပို့ချပေးစေချင်ပါတယ်။ ဆရာသည် လူသားဥယျာဉ်မှူး၊ ပညာသည်သာ ရတနာဆိုတဲ့အတိုင်း တပည့်တွေကို ကြိုးစားပြီး သင်ကြားပို့ချကြဖို့ ပြောချင်ပါတယ်” ဟု ပြောသည်။
ကျောက်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်းများမှ ဆရာ ဆရာမ ၂၁၇၁ ဦးရှိကြောင်း၊ ဆရာ ဆရာမတစ်ဦးစီအား တစ်လလျှင် ၅၀၀ ကျပ်နှုန်းကောက်ခံ၍ ပုံမှန်လစဉ် မြန်မာ့စီးပွားရေးဘဏ်တွင် ငွေစု စာအုပ်ဖွင့်ကာ ပဒေသာပင်စိုက်ထူပြီး မြတ်ဆရာပူဇော်ပွဲကျရောက်သည့် ကာလမှသာ ထုတ်ယူ၍ ပူဇော်ကန်တော့ခြင်းဖြစ်ကြောင်း၊ ယခုနှစ်တွင် မြတ်ဆရာ ၁၃၄ ဦးအား တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှစ်သောင်းစီ ကို ကန်တော့ခြင်းဖြစ်ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)