ဧရာဝတီမြစ်ကူးတံတား အမှတ်(၂) စီမံကိန်းဧရိယာတွင် ပါဝင်နေသည့် မြေပိုင်ရှင်များအား လျော်ကြေးငွေကျပ် သိန်း ၅၇၀၀ နီးပါးပေးအပ်

 

မြစ်ကြီးနား  အောက်တိုဘာ  ၃


ကချင်ပြည်နယ်အစိုးရအဖွဲ့က  ပြည်နယ်အတွင်း တည်ဆောက်သွားမည့်   ဧရာဝတီမြစ်ကူးတံတား အမှတ်(၂)တံတားဧရိယာအတွင်း တံတားအူကြောင်း နှင့် မလွတ်ကင်းသည့် မြေယာ/ သီးနှံ/  အဆောက် အအုံပိုင်ရှင်များအား        ဒုတိယအရစ်အဖြစ်  လျော်ကြေးငွေ       ပေးအပ်ခြင်းအခမ်းအနားကို    အောက်တိုဘာ ၁ ရက်က မြစ်ကြီးနားမြို့  မြို့တော် ခန်းမ၌   ကျင်းပသည်။


လျော်ကြေးငွေများပေးအပ်ပွဲတွင်    ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က  ပြည်နယ်ဖွံ့ဖြိုးရေး အတွက် အဓိကကျသည့် ဧရာဝတီမြစ်ကူးတံတား အမှတ်(၂)   စီမံကိန်းဧရိယာအတွင်း    တံတား အူကြောင်းနှင့် မလွတ်ကင်းသည့်   မြေယာပိုင်ရှင်များ အတွက် လျော်ကြေးငွေကျပ် ၅၆၉၅၇၅၀၀၀ အနက် ပထမအရစ်အဖြစ်   ငွေကျပ် ၂၈၃၇၈၈၀၀၀ ကို  ပေးအပ်ပြီး ယနေ့တွင် ကျန်ရှိသည့် ဒုတိယအရစ် အဖြစ်  လျော်ကြေးငွေ  အပြီးသတ်ပေးအပ်ခြင်း ဖြစ်ကြောင်း၊ တံတားအသစ်     စီမံကိန်းအတွက် ယခုလို       ပူးပေါင်းပါဝင်မှုကို   မိမိတို့အနေဖြင့် မှတ်တမ်းတင်  ကျေးဇူးတင်ရှိကြောင်း    ပြောကြား သည်။


ထို့နောက်   ပြည်နယ်ဝန်ကြီးချုပ်၊     ပြည်နယ် တရားလွှတ်တော်   တရားသူကြီးချုပ်၊    ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်   ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က   တံတားစီမံကိန်း ဧရိယာအတွင်း ပါဝင်သည့်  မြေဧရိယာစုစုပေါင်း ၀ ဒသမ ၆၈၁ ဧက အပါအဝင် အဆောက်အအုံများ၊ ရေတွင်းနှင့် သီးနှံများအတွက်  ဒုတိယအရစ်အဖြစ် ကျန်ရှိသည့် လျော်ကြေးငွေကျပ် ၂၈၃၇၈၈၀၀၀ ကို မြေယာပိုင်ရှင် ရှစ်ဦးတို့အား   တစ်ဦးချင်းစီ၏    ပိုင်ဆိုင်မှုတန်ဖိုးအတိုင်း ပေးအပ်သည်။ 


ကချင်ပြည်နယ်အတွင်း      လမ်းပန်းဆက်သွယ် ရေးနှင့် နယ်စပ်ကုန်စည်စီးဆင်းမှု    အဆက်မပြတ်   ဆောင်ရွက်နိုင်ရေးအတွက် အဆိုပါ ဧရာဝတီမြစ်ကူး တံတားအမှတ်(၂)    စီမံကိန်းကို     မဖြစ်မနေ  တည်ဆောက်ရန်   လိုအပ်သည့်အတွက်   ပြည်နယ် အစိုးရအဖွဲ့အနေဖြင့်    လက်ရှိအသုံးပြုနေသည့် ဗလမင်းထင်တံတား၏      အောက်ဘက်မီတာ ၄၀   အကွာတွင် တည်ဆောက်နိုင်ရန်    ကွင်းဆင်းစိစစ်ရေး အဖွဲ့   ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ရာ စီမံကိန်းနေရာနှင့် မလွတ်ကင်းသည့်     မြေယာပိုင်ရှင်ရှစ်ဦးတို့အား လျော်ကြေးငွေများ ပေးအပ်ခြင်းဖြစ်သည်။


တည်ဆောက်မည့် တံတားသစ်သည် အရှည် ၃၂၁၂ ပေ ရှည်ပြီး ယာဉ်သွားလမ်းအကျယ်  ၂၄ ပေ နှင့်   လူသွားလမ်းတစ်ဖက်   သုံးပေစီ   ပါရှိကာ သံကူကွန်ကရစ်ရေလယ်တိုင်နှင့် ကမ်းကပ်ခုံ၊ Steel Truss ၊ Steel Box Girder and RCC Slab အမျိုးအစားဖြစ်ကြောင်း သိရသည်။                    
ပြည်နယ်(ပြန်/ဆက် )