ကျိုက်ထီးရိုးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်

 

မော်လမြိုင် အောက်တိုဘာ ၃

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ အောက်တိုဘာ ၁ ရက်က ကျိုက်ထို မြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကို ဖူးမြော်၍ ရေချမ်း၊ ဆီမီး၊ ရွှေသင်္ကန်းများ ကပ်လှူ ပူဇော်ပြီး အလှူငွေများ ပေးအပ်လှူဒါန်းကာ စေတီတော်ဂေါပကအဖွဲ့ရုံး(ကင်ပွန်းစခန်း)၌ တာဝန် ရှိသူများနှင့် တွေ့ဆုံပြီး ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်ကို ဗုဒ္ဓပူဇနိယပွဲတော်ရာသီ(သီတင်း ကျွတ်လပြည့်)အမီ ဖွင့်လှစ်နိုင်ရေးအတွက် ဆွေးနွေး သည်။

 

ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးသတ်မှတ်စည်းကမ်းချက်များနှင့်အညီဖြစ်စေရေး၊ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေး၊ ရင်ပြင်တော်နှင့် တောင်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ရေးနှင့် စိမ်းလန်းစိုပြည်စေရေး၊ စျေးဆိုင်တန်းနှင့် စားသောက်ဆိုင်တန်းများ စနစ်တကျဖြစ်စေရေးတို့ကို ပြည်နယ်ဝန်ကြီးချုပ်က မှာကြားကာ ပြည်နယ်ဝန်ကြီးများက အကြံပြု ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။ 

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကင်ပွန်းစခန်းကျေးရွာ တောင်တက်မော်တော်ယာဉ် လုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီရုံးတွင် မော်တော်ယာဉ်အသင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ဘုရားဖူး ရာသီတွင် ခရီးသွားပြည်သူများ စိတ်ချမ်း မြေ့စွာ ဖူးမြော်နိုင်ရေးအတွက် ပို့ဆောင်ပေးရာတွင် လည်းကောင်း၊ ပြောဆိုဆက်ဆံရာတွင်လည်းကောင်း ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံရေး၊ အသင်းက ချမှတ်ထားသည့် စည်းကမ်းညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရေး၊ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် မော်တော်ယာဉ်များကို ကြံ့ခိုင်မှုကောင်းမွန်အောင် စနစ်တကျ ဆောင်ရွက်ရေး နှင့် တောင်တက်လမ်းတစ်လျှောက် လမ်းဘေးဝဲယာ ချုံနွယ်များ ရှင်းလင်းရေးတို့ကို မှာကြားကာ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ဇာဖြူဝင်း(ပြန်/ဆက်)