
နေပြည်တော် အောက်တိုဘာ ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီး များ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ အေးသာယာစက်မှုဇုန်အတွင်းရှိ ရှမ်းရိုးမမွေးမြူရေးဇုန်၌ ဥစားကြက်မွေးမြူထားရှိမှု နှင့် မျိူးဖောက်ဝက်မွေးမြူထားရှိမှုတို့ကို သွားရောက် ကြည့်ရှုအားပေးသည်။
ရှင်းလင်းတင်ပြ
ဦးစွာ ရှမ်းရိုးမမွေးမြူရေးဇုန် ရှင်းလင်းဆောင်၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာဝင်းဇင်မောင်က ရှမ်းရိုးမမွေးမြူရေး ဇုန်အတွင်း မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် နေမှုများ၊ မွေးမြူထုတ်လုပ်နိုင်မှုအခြေအနေနှင့် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များအား လည်း ကောင်း၊ စက်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် စစ်ဆေး ရေး ဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးစိုးမင်း သူက အေးသာယာစက်မှုဇုန်၌ စက်မှုလုပ်ငန်း ဆောင်ရွက်နေမှုများအား လည်းကောင်း၊ ညောင်ရွှေ မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော် ကျော်ဦးက အင်းလေးကန် ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် ဆောင်ရွက်နေမှုနှင့် အနာဂတ်တွင် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအား လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က ယခု အေးသာယာ စိုက်ပျိုးမွေးမြူရေးဇုန်ကို နိုင်ငံတော်၏ သားငါးကဏ္ဍတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက် ယခင်တပ်မတော် အစိုးရလက်ထက်၌ မိမိကိုယ်တိုင်လမ်းညွှန်ဆောင် ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် ဒေသထွက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အခြေခံသည့် စက်မှုလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးအတွက် အေးသာယာစက်မှုဇုန်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နို့နှင့် နို့ထွက်ပစ္စည်း များကို ပြည်ပမှ တင်သွင်းနေရမှု လျော့နည်းသွား စေရန်အတွက် နို့စားနွား မွေးမြူရေးကို ဆောင်ရွက် ကြရန် ဦးစွာရည်ရွယ်ခဲ့သော်လည်း ဒေသခံများ ပိုမို စိတ်ဝင်စားသည့် ဥစားကြက်မွေးမြူရေးလုပ်ငန်း များကို အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသည် ကို တွေ့ရှိရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ သို့သော်လည်း စက်မှုဇုန်နှင့် မွေးမြူရေးဇုန်ကို ယခု ထက် ပိုမိုအောင်မြင်စွာဆောင်ရွက်နိုင်ရန် မျှော်မှန်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည့်အတွက် ဇုန်၏ မူလ ရည်ရွယ်ချက်ဖြစ်သည့် နို့စားနွား မွေးမြူရေးလုပ်ငန်း အပြင် အခြားအသားငါးနှင့် စိုက်ပျိုးရေးထုတ်ကုန် များကိုလည်း အောင်မြင်စွာ ဖြစ်ပေါ်လာရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မွေးမြူရေး တိရစ္ဆာန် အစာထုတ်လုပ်ခြင်းလုပ်ငန်းအတွက် ဖွဲ၊ ဆန်ကွဲ၊ ပြောင်း၊ ပဲဖတ် နှမ်းဖတ်တို့ကို ဒေသတွင်း လုံလောက် စွာ စုဆောင်းရရှိနိုင်ပြီး ဓာတုဗေဒဆေးများကို ထည့်သွင်းရောစပ်မှုများ မလုပ်ဆောင်ကြရန် လို ကြောင်း၊ စိုက်ပျိုး မွေးမြူရေးထွက်ကုန်များကို စက်မှု ဇုန်မှတစ်ဆင့် အဆင့်မီပြီး အရည်အသွေးပြည့်ဝ သည့် ကုန်ချောများ ထုတ်လုပ်ပေးနိုင်ရမည်ဖြစ် ကြောင်း၊ ပြည်တွင်းဈေးကွက်အပြင် ပြည်ပနိုင်ငံများသို့ ပို့ဆောင်ရန်အတွက်လည်း ဟဲဟိုးလေဆိပ်အား အဆင့်မြှင့်တင်ရန် ဆောင်ရွက်ထားရှိပြီးသားဖြစ် သည့်အတွက် အေးခဲအသားငါးနှင့် စိုက်ပျိုးရေး ထုတ်ကုန်များကို ပို့ဆောင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသတွင်း ရေခံမြေခံ ကောင်းများကို စီးပွားရေးအရ တွက်ခြေကိုက်ပြီး နိုင်ငံအတွက် အကျိုးရှိစေရန် လက်တွေ့ကျကျ အသုံးချနိုင်ရမည်ဖြစ်ကြောင်း။
ရေရရှိရေး အဓိကလိုအပ်
ဇုန်တစ်ခုကို ဖော်ဆောင်ရာတွင် ဘေးကင်း လုံခြုံမှု (Safety) များစွာကို စဉ်းစားပြီး လုပ်ဆောင် ရမည်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေး၊ စက်မှုလုပ်ငန်း မည်သည့်လုပ်ငန်း ဆောင်ရွက်သည်ဖြစ်စေ ရေရရှိ ရေးသည် အဓိက လိုအပ်ချက်ဖြစ်သည့်အတွက် ဘက်ပေါင်းစုံမှ တွက်ချက်ဆောင်ရွက်ကြစေလို ကြောင်း၊ SME နှင့် ပတ်သက်၍ ဒေသထွက်ကုန်များကို အခြေခံသည့် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်း ကို လုပ်ဆောင်ကြစေလိုကြောင်း၊ အားပေးရန်လည်း လိုအပ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်ရမည်ဖြစ်ပြီး ပစ္စုပ္ပန်တွင် ရှိနေသည့် မိမိတို့က ထိန်းသိမ်း ဆောင်ရွက်မှသာလျှင် အနာဂတ်မျိုးဆက်သစ်များ အတွက် ကောင်းမွန်သည့် သဘာဝပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းနိုင်မည်ဖြစ်ကြောင်း၊ အင်းလေးဒေသ အပါအဝင် နိုင်ငံအဝန်း စိမ်းလန်းစိုပြည်စေရေး အတွက် ရဟတ်ယာဉ်ဖြင့် မျိုးစေ့ကျဲခြင်းများကိုလည်း တပ်မတော်မှ လုပ်ဆောင်ပေးလျက်ရှိကြောင်း။
သာသနာ့အမွေအနှစ်တစ်ခုဖြစ်
အင်းလေးကန်နှင့် ပတ်သက်ပြီး အင်းလေးကန် သည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတွင်ပါ ကျော်ကြားသည့် ကန်ကြီးတစ်ခုဖြစ်သကဲ့သို့ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားသည်လည်း ဗုဒ္ဓဘာသာဝင်များအကြားတွင် ထင်ရှားကျော်ကြား သည့် သာသနာ့အမွေအနှစ်တစ်ခု ဖြစ်ကြောင်း၊ ထူးခြားချက်အနေဖြင့် လှေလှော်ရာတွင် လက်ဖြင့် သာမက ခြေထောက်ဖြင့်ပါ လှော်ခတ်နိုင်ကြသဖြင့် နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသွားများ အထူး စိတ်ဝင်စားမှုရရှိထားကြောင်း၊ အင်းလေးကန်၏ အရွယ်အစားသည် ရှေးယခင်ကရှိခဲ့သည်ထက် ရေဖုံး လွှမ်းမှု ပမာဏ လျော့နည်းလာသည်ကို သတိပြုကြ ရန် လိုကြောင်း၊ ရေဖုံးလွှမ်းဧရိယာပေါ်တွင် နေထိုင် သည့် လူဦးရေ ပမာဏထပ်မံတိုး မြင့်မှုမရှိစေရေးနှင့် ရေပေါ်မှတစ်ဆင့် ရေစပ်၊ ရေစပ်မှတစ်ဆင့် ကုန်းပေါ် သို့ တဖြည်းဖြည်း ရွှေ့ပြောင်းနေထိုင်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ကျွန်းမျှောလုပ်ကိုင်မှုများ ကိုလည်း လျှော့ချရမည်ဖြစ်ကြောင်း၊ ပလတ်စတစ် သည် အင်းလေးဒေသတွင်သာမက ကမ္ဘာ့ပင်လယ် ပြင်များတွင်ပါ များပြားလာလျက်ရှိပြီး ရေနေသတ္တဝါ များနှင့် သဘာဝသယံဇာတများကို ပျက်စီးယိုယွင်း အောင် ခြိမ်းခြောက်လျက်ရှိသဖြင့် အင်းလေးဒေသခံ များ၊ အုပ်ချုပ်သူအဖွဲ့အစည်းများနှင့် လုပ်ငန်းများက ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းကြရန် မှာကြားလို ကြောင်း၊ ယခင် အင်းလေးဒေသသို့ မိမိလာရောက် ခဲ့စဉ် ဒေသခံများ၏ တင်ပြချက်အရ အင်းလေးကန် ထိန်းသိမ်းရေးလုပ်ငန်းများတွင် အထောက်အကူဖြစ် စေရန်အတွက် ဒိုက်နှင့် ဗေဒါရှင်းစက် Aquatic Weed Harvester ၂ စီးကို လှူဒါန်းခဲ့ပြီး ယခုတင်ပြချက် များအရ အကျိုးရှိစွာ အသုံးချလျက်ရှိသည့်အတွက် လည်း ဝမ်းမြောက်မိပါကြောင်း၊ စက်ကို ရေရှည် အသုံးပြုနိုင်ရေးအတွက် စက်ပိုင်းဆိုင်ရာကြံ့ခိုင်မှု များကို ထိန်းသိမ်းဆောင်ရွက်ကြရန်နှင့် စက်သုံးဆီ လိုအပ်ချက်များရှိပါက ဖြည့်ဆည်းဆောင်ရွက်ပေး မည်ဖြစ်ကြောင်း၊ ဒိုက်၊ ဗေဒါများမှတစ်ဆင့် မြေဩဇာထုတ်လုပ်အသုံးပြုနိုင်ရေး လုပ်ဆောင်ပေး ရမည်ဖြစ်ပြီး ဒေသခံများအတွက် အလုပ်အကိုင်အခွင့် အလမ်းများကို ဖြည့်ဆည်း ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း။
အင်းလေးကန်အတွင်း ရေဝင်ရောက်လျက်ရှိ သည့် အဓိကရေဝင်ပေါက် ချောင်းကြီးချောင်းငယ် များ မတိမ်ကောစေရေးအတွက်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဒေသခံများ ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရှမ်းရိုးမမွေးမြူရေးဇုန်အတွင်းရှိ ဒေါက်တာစိုင်းလုံ၏ ဥစားကြက် မွေးမြူရေးခြံနှင့် Farm Myanmar Co,Ltd မှ လုပ်ဆောင်လျက်ရှိသည့် မျိူးဖောက် ဝက်မွေးမြူထားရှိမှုတို့ကို သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
ကပ်လှူပူဇော်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရှိ အင်းလေးဖောင်တော်ဦး စေတီတော်မြတ်ကြီး သွားရောက်ဖူးမြော်ကြည်ညိုကြရာ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းအောင်၊ ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖ များက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် စေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ် များကို ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်ပြီး စေတီတော်မှတ်တမ်းစာအုပ်တွင် အမှတ်တရလက်မှတ်ရေးထိုးပူဇော်သည်။ ထို့နောက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပက အဖွဲ့က လက်ခံရယူပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။
၎င်းနောက် စေတီတော်မြတ်ကြီးအား လက်ယာ ရစ် လှည့်လည်ပူဇော်ပြီး စိန်နှင့်မြကျောင်းတိုက် အတွင်း၌ ဖောင်တော်ဦး စေတီတော်မြတ်ကြီး ဆရာတော် ဘဒ္ဒန္တ ဝိဇယနှင့် သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဆရာတော်ကြီး၏ ကျန်းမာရေးဆိုင်ရာများနှင့် အင်းလေးဒေသနှင့် စေတီတော်မြတ်ကြီး ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည်များကို လျှောက်ထားခဲ့သည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် အင်းလေးကန်အတွင်း စက်လှေများဖြင့် လှည့်လည်၍ အင်းလေးဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်မည့် အခြေအနေ များကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်