
သီပေါ အောက်တိုဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ခိုမုန်းကျေးရွာ အုပ်စုမှ ဒေသခံပြည်သူများ၊ ဇလပ်ဝါလက်ဖက်စက်ရုံမှ လုပ်သား ဝန်ထမ်းမိသားစုများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်များ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဇလပ်ဝါလက်ဖက်စက်ရုံ ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားတွင် ကျောက်မဲခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစန်းဝင်းက ပန်းခင်းစီမံချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဇလပ်ဝါလက်ဖက်ခြောက်စက်ရုံမှ လက်ဖက်လုပ်သားများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား ၅၆ ကတ်၊ အိမ်ထောင်စုလူဦးရေစာရင်း ၁၆ ခုကိုလည်းကောင်း၊ ခိုမုန်းကျေးရွာဒေသခံတိုင်းရင်းသားများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၄၁ ခုကို လည်းကောင်း၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူး ဦးတင်အောင်တို့ကလက်ဖက်စက်ရုံလုပ်ငန်းရှင် ဦးလှတင်နှင့် ခိုမုန်းကျေးရွာအုပ်စု ဦးစိုင်း လှကျော်တို့ထံ ပေးအပ်ကြောင်း သိရသည်။
စိုင်း(သီပေါ)