
နေပြည်တော် စက်တင်ဘာ ၂၉
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ် ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူ ဝယ်ယူနိုင်ရေး အရည်အသွေးနှင့် ဈေးနှုန်း မှန်ကန်စွာရရှိစေရေး အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၏ စီစဉ်မှု ဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲ တန်းမြို့နယ် ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီ လက်ကားဖြန့်ဖြူး ရောင်းချခြင်း အစီအစဉ်ကို ယနေ့တွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ ဆေး နှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချ သော ကုမ္ပဏီ ကိုးခုမှ အိမ်သုံး ဆေးဝါး ၁၁၂ မျိုးကို ရောင်းချ ပေးခဲ့သည်။
အလားတူ ပထမအစီအစဉ် အဖြစ် ဖွင့်လှစ်ရောင်းချပေးလျက် ရှိသည့် အလုံမြို့နယ်၊ ကမ်းနား လမ်း၊ လွတ်လပ်ရေးရပ်ကွက်၊ အမှတ် (၁၀၄/၁၀၈) နေရာ၌ လည်း ၃၃ ရက်နေ့အဖြစ် ယနေ့ တွင် ဆက်လက်ရောင်းချပေး ခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်ကြီးများ အသင်းတို့၏စီစဉ်မှုဖြင့် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အချို့တွင်လည်း ရွေ့လျား ဈေးကားဖြင့် ဆန်၊ ဆီများ၊ စားသောက်ကုန်များနှင့် အသား၊ ငါးများကို ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်