
မဲလ်ဘုန်း စက်တင်ဘာ ၂၂
ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ ရစ်ခ်ျတာစကေး ၅ ဒသမ ၉ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု ယနေ့ လှုပ်ခတ်ခဲ့ရာ မြို့အတွင်းရှိ လူနေတိုက်ခန်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါငလျင်သည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၁၅ မိနစ်တွင် မဲလ်ဘုန်းမြို့၌ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန်ဘူမိဗေဒအဖွဲ့၏ တိုင်းတာ ချက်အရ သိရသည်။ ငလျင်လှုပ်ခတ်မှု မြေအောက် အနက် ၁၀ ကီလိုမီတာ (၆ ဒသမ ၅ မိုင်) အထိ ရှိကြောင်း သိရသည်။
အဆိုပါငလျင်သည် ဩစတြေးလျနိုင်ငံ၏ သမိုင်းတွင် အင်အားအပြင်းထန်ဆုံးသော ငလျင် တစ်ခုအဖြစ် မှတ်တမ်းဝင်ကြောင်း ဩစတြေးလျဘူမိဗေဒကျွမ်းကျင်ပညာရှင်များက ဆိုသည်။
ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှု စာရင်းများ ယခုထက်တိုင် မတွေ့ရှိရသေးကြောင်း နှင့် ယင်းငလျင်သည် နိုင်ငံအတွင်း ရှားရှားပါးပါး လှုပ်ခတ်သော ငလျင်တစ်ခုဖြစ်ကြောင်း ဝန်ကြီးချုပ် စကော့မောရစ်ဆင်က ပြောသည်။
ငလျင်လှုပ်ခတ်ပြီးနောက် ပြင်းအား ၄ ဒသမ သုည အဆင့်နှင့် ၃ ဒသမ ၁ အဆင့်ရှိ နောက်ဆက်တွဲ ငလျင်များ ဆက်လက်လှုပ်ခတ်ခဲ့သည်။
ဩစတြေးလျနိုင်ငံ၌ ငလျင်လှုပ်ခတ်မှုသည် အဖြစ်နည်းသော ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ဩစတြေးလျဘူမိသိပ္ပံပညာရှင်များက ဆိုသည်။
မဲလ်ဘုန်းမြို့တွင် လူဦးရေ ငါးသန်းရှိပြီး လက်ရှိ အချိန်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက် လျက်ရှိခြင်းကြောင့် ခရီးသွားလာမှုကန့်သတ်ချက် ချမှတ်ထားလျက်ရှိသည်။
ကိုးကား- ဘီဘီစီ၊
ဘာသာပြန်- အောင်ကျော်ကျော်