
ဘူးသီးတောင် စက်တင်ဘာ ၂၁
ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကြောင့် ဘူးသီးတောင်-ရသေ့တောင်- စစ်တွေမြို့များသို့ ပြေးဆွဲ လျက်ရှိသည့် ပုဂ္ဂလိကပိုင် ရွှေပြည်တန် အမြန်ရေယာဉ်ကို ယခုနှစ် ဇူလိုင် ၁၈ ရက်မှစ၍ ခေတ္တရပ်နားထားခဲ့ရာမှ ယနေ့နံနက်ပိုင်းမှ စတင်ကာ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်း ချက်များနှင့်အညီ ဘူးသီးတောင်မြို့မှ ရသေ့တောင်- စစ်တွေမြို့သို့ ပုံမှန်ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်းလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ ရေကြောင်းခရီးဖြင့် သွားလာနိုင်ရန်အတွက် ရွှေပြည်တန် အမြန်ရေယာဉများကို တစ်ပတ်လျှင် အင်္ဂါ၊ စနေ(နှစ်ရက်) ပြေးဆွဲမည်ဖြစ်ပြီး ခရီးသွား ပြည်သူများအား ရောဂါကူးစက်မှု မရှိစေရေးအတွက် မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်စီစဉ်မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေပြည်တန် အမြန်ရေယာဉ်တွင် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ခရီးသွား ပြည်သူများအား ရေယာဉ်ပေါ်သို့ မတက်ရောက်မီ လက်ကို စနစ်တကျဆေးကြောပြီးမှ ရေယာဉ်ပေါ်သို့ လိုက်ပါစီးနင်းကြရန်၊ ခရီးသွားပြည်သူများ အနေဖြင့်လည်း ရေယာဉ်စီးနင်းသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်းများ တပ်ဆင်ပြီးမှ ခရီးသွားလာကြရန် သတိပေးမှုများပြုလုပ်ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ပုံမှန်စတင်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
လှကျော် (ပြန်/ဆက်)