
ထက်လျှံ
ကလေးနှင့် ဆယ်ကျော်သက်အရွယ်များတွင် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနှင့် တွေ့ဆုံမေးမြန်းထားသည်။
မေး ။ ။ ကလေးနဲ့ ဆယ်ကျော်သက်အရွယ်တွေ
မှာ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုတွေနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။
ဖြေ ။ ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့
စက်တင်ဘာလ ၁၄ ရက် ထုတ်ပြန်တဲ့ Weekly Epidemiological Update အရ ကလေး တွေနဲ့ ဆယ်ကျော်သက်တွေမှာ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး အထူးထုတ်ပြန်ချက် ပါဝင် ပါတယ်။ ကလေးတွေ ရောဂါဖြစ်ပွားရင် လူကြီး တွေလို ဆိုးဆိုးရွားရွားဖြစ်ပွားတာနဲ့ ပြင်းထန်မှု မရှိဘူးဆိုတာ တွေ့ရှိရပါတယ်လို့ ပြောပါတယ်။ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေ ဖြစ်တယ်ဆိုရင် သာမန်လက္ခဏာ၊ အချို့ဆိုရင် လက္ခဏာတောင် မပေါ်ပါဘူး၊ အသင့်အတင့် လက္ခဏာလောက်ပဲ ဖြစ်သလို သေဆုံးမှုကလည်း လူကြီးတွေနဲ့ နှိုင်းစာရင် အလွန်နည်းတာ တွေ့ရပါတယ်။
ကိုဗစ် - ၁၉ ကြောင့် သေဆုံးမှုက အသက် ကြီးလေ များလေဖြစ်ပါတယ်။ ကလေးတွေဖြစ်ရင် ပြန်ကောင်းလာတာ များပါတယ်။ ဆေးရုံတက် ရောက်မှု အလွန်နည်းပါတယ်။ ရောဂါဖြစ်ပွားမှု အနေနဲ့ သံသယလက္ခဏာတွေ မပေါ်ပါဘူး၊ အသင့် အတင့်ပဲပေါ်ပါတယ်။ ရောဂါရှိမှန်း၊ ဖြစ်လို့ဖြစ်မှန်း မသိတော့ စစ်ဆေးမှုတွေ မလုပ်ဆောင်မိတဲ့အတွက် ရောဂါဖြစ်ပွားတဲ့ အရေအတွက်နည်းတာကို တွေ့ရ ပါတယ်။ ရောဂါလက္ခဏာသာမန်နဲ့ အသင့်အတင့် ရှိတဲ့အတွက် သူတို့တွေကနေ အခြားသူကို မကူးစက်နိုင်ဘူးလားဆိုတော့ ဒီလိုလည်း မဟုတ် ပါဘူး။ သူတို့အချင်းချင်းကူးနိုင်သလို လူကြီးတွေနဲ့ သူတို့နေထိုင်တဲ့ ပတ်ဝန်းကျင်ကို ကူးစက်နိုင် ပါတယ်။
ကလေးတွေမှာ ဖြစ်နိုင်တဲ့ရောဂါလက္ခဏာတွေ နဲ့ ကူးစက်နိုင်စွမ်းတွေ သိပြီဆိုရင် လိုအပ်တဲ့ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို တွေ့ရှိချက်နဲ့ အညီ ပြုပြင်ပြောင်းလဲ လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာ ကာကွယ်ဆေးတွေကို အသက် ၁၈ နှစ်နဲ့အထက်တွေကို ထိုးနှံပါတယ်။ အမေရိကန်နိုင်ငံမှာ ကလေးငယ်တွေကို ထိုးနှံတဲ့ လုပ်ငန်းတွေစတင်နေပြီ ဖြစ်ပါတယ်။ Pfizer ကာကွယ်ဆေးက နဂိုကတည်းက အသက် ၁၆ နှစ် အထက်တွေကို ထိုးနှံပေးတာဖြစ်ပါတယ်။ ယူကေ မှာ အခု အသက် ၁၂ နှစ်ကနေ ၁၅ နှစ်အထိ ကလေး တွေကို ကာကွယ်ဆေးထိုးဖို့ ခွင့်ပြုလိုက်ပြီ ဖြစ်ပါ တယ်။ အသက် ၁၂ နှစ်အောက်ကလေးတွေကို ထိုးနှံပေးမှုက အလွန်နည်းပါတယ်။ တချို့နိုင်ငံ တွေမှာ ကလေးငယ်တွေကို ထိုးနှံပေးတယ်ဆိုတာ အများစုကိုထိုးနှံပေးတာ မဟုတ်ပါဘူး။ ခြွင်းချက် အနေနဲ့ Pfizer ကလွဲပြီး WHO က အရေးပေါ် အသုံးပြုခွင့်ပေးထားတဲ့ ကာကွယ်ဆေးတွေသည် အသက် ၁၈ နှစ်အထက်ကို ထိုးနှံပေးထားတာ ဖြစ်ပါတယ်။
လက်ရှိအနေအထားအရ အသက်အပိုင်းအခြား နဲ့ ကြည့်မယ်ဆိုရင် ငါးနှစ်အောက်ကလေးတွေမှာ ကူးစက်မှုအလွန်နည်းပါတယ်။ အသက် ငါးနှစ်ကနေ ကိုးနှစ်ကလည်း နည်းပါတယ်။ ကြီးကောင်ဝင်စ အသက် ၁၀ နှစ်မှ ၁၄ နှစ်က ဖြစ်ပွားမှုနည်းပါတယ်။ ဆယ်ကျော်သက် ၁၅ နှစ်မှ ၁၉ နှစ်က ရောဂါကူးစက် မှု စပြီးရှိလာပါတယ်။ လူငယ် Young Adult အသက် ၂၀ ကနေ ၂၄ နှစ်အရွယ်မှာ ကူးစက်ဖြစ်ပွားမှုတွေ ပိုရှိလာပြီဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းတွေ၊ မူကြိုတွေ၊ နေ့ကလေးထိန်းကျောင်းတွေ ဖွင့်တာ၊ ပိတ်တာက ဒီအချက်တွေအပေါ်မူတည်ပြီး စဉ်းစား ဆုံးဖြတ်တာ ဖြစ်ပါတယ်။
ကလေးတွေနဲ့ ပတ်သက်ပြီး WHO က သုတေ သနလုပ်ထားတာ ရှိပါတယ်။ စက်တင်ဘာလ ၁၄ ရက်က ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုတွေ စတင်တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်ကစပြီး ၂၀၂၁ ခုနှစ် စက်တင် ဘာလ ၆ ရက်အထိ ရောဂါပိုးတွေ့လူနာစုစုပေါင်း သန်း ၉၀ ရဲ့ အချက်အလက်အရ အသက်အရွယ် ကြီးလေလေ ရောဂါဖြစ်ပွားမှုများတာကို တွေ့ရ ပါတယ်။
သုတေသနအရ ရောဂါဖြစ်ပွားမှုအနေနဲ့ အသက်ငါးနှစ်အောက် ကလေးတွေမှာ ရောဂါ ဖြစ်ပွားမှု အနည်းဆုံးဖြစ်ပါတယ်။ ဖြစ်ပွားမှုရဲ့ ၁ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး သေဆုံးမှုအနေနဲ့ ၁၇၀၄ ဦးရှိတဲ့အတွက် ၀ ဒသမ ၁ ရာခိုင်နှုန်း သေဆုံးမှုရှိပါတယ်။
ငါးနှစ်ကနေ ၁၄ နှစ်အတွင်း တစ်ကမ္ဘာလုံးရောဂါ ဖြစ်ပွားမှုရဲ့ ၆ ဒသမ ၂ ရာခိုင်နှုန်းနဲ့ သေဆုံးသူ ၁၂၁၈ ဦးရှိတဲ့အတွက် တစ်ကမ္ဘာလုံးသေဆုံးမှုရဲ့ ၀ ဒသမ ၁ ရာခိုင်နှုန်း ရှိတယ်ဆိုတာကို တွေ့ရပါ တယ်။ အသက် ၁၅ နှစ်ကနေ ၂၄ နှစ်အထိ တစ်ကမ္ဘာလုံးရောဂါဖြစ်ပွားမှုရဲ့ ၁၄ ဒသမ ၃ ရာခိုင် နှုန်းနဲ့ သေဆုံးမှု ၆၃၂၇ ဦးရှိတဲ့အတွက် တစ်ကမ္ဘာ လုံးသေဆုံးမှုရဲ့ ၀ ဒသမ ၄ ရာခိုင်နှုန်းရှိတာ တွေ့ရ ပါတယ်။ တစ်ကမ္ဘာလုံးသေဆုံးမှုမှာ ကလေးတွေ ကနေ လူငယ်အထိ သေဆုံးမှုက ၀ ဒသမ ၅ ရာခိုင် နှုန်းရှိတဲ့အတွက် ၁၀၀ မှာ တစ်ဦးမရှိပါဘူး၊ လူ ၂၀၀ မှ တစ်ဦးသေဆုံးမှုရှိတဲ့ သဘောဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ရောဂါဖြစ်ပွားမှုအနေနဲ့ အသက် ၁၅ နှစ်အောက်က တစ်နိုင်ငံလုံး ရောဂါဖြစ်ပွားမှု စုစုပေါင်းရဲ့ ၇ ရာခိုင်နှုန်းရှိတာ တွေ့ရပါတယ်။ အသက် ၁၅ နှစ်ကနေ ၄၅ နှစ်အထိ ရောဂါဖြစ်ပွားမှု စုစုပေါင်းရဲ့ ၅၇ ရာခိုင်နှုန်း ဖြစ်ပွားမှုရှိတဲ့အတွက် ဒီအသက်အပိုင်းအခြားက ဂရုစိုက်ရမယ့်အခြေအနေ ဖြစ်ပါတယ်။ သေဆုံးမှုအနေနဲ့ အသက် ၁၅ နှစ် အောက် သေဆုံးမှုက တတိယလှိုင်းအစမှ စက်တင် ဘာလ ၆ ရက်အထိ ၂၁ ဦးရှိပါတယ်။ စုစုပေါင်း သေဆုံးမှုရဲ့ ၀ ဒသမ ၂ ရာခိုင်နှုန်းရှိတဲ့အတွက် WHO ရဲ့ အချက်အလက်တွေနဲ့ ကိုက်ညီနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
အသက် ၁၅ နှစ်ကနေ ၂၉ နှစ်အထိ သေဆုံးမှုက ၂၂၂ ဦးရှိတဲ့အတွက် ၁ ဒသမ ၇ ရာခိုင်နှုန်းရှိပါတယ်။ အသက် ၃၀ ကနေ ၄၄ နှစ်အထိ သေဆုံးမှုရာခိုင်နှုန်း ၁၀ ဒသမ ၇ ရာခိုင်နှုန်း ရှိပါတယ်။ အသက် ၄၅ နှစ် ကနေ ၆၀ အထိ သေဆုံးမှုရာခိုင်နှုန်း ၃၅ ဒသမ ၉ ရာခိုင်နှုန်း ရှိပါတယ်။ အသက် ၆၁ နှစ်ကနေ ၇၅ နှစ်အထိ သေဆုံးမှုရာခိုင်နှုန်း ၃၇ ဒသမ ၉ ရာခိုင်နှုန်းရှိပါတယ်။ ဒါက မြန်မာနိုင်ငံမှာ ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုတွေကို သိရှိပြီး သတိထားနိုင်စေဖို့ ဖြစ်ပါတယ်။
ရောဂါလက္ခဏာတွေက အသက်ငယ်တဲ့သူ၊ အထူးသဖြင့် အသက်ငါးနှစ် ကလေးငယ်တွေ၊ ကလေးကြီးတွေ၊ အသက် ၁၀ နှစ်မှ ၁၉ နှစ် အရွယ် ကြီးကောင်ဝင်စ၊ ဆယ်ကျော်သက်အရွယ်တွေမှာ လက္ခဏာကရှိချင်မှ ရှိတယ်။ သာမန်နဲ့ အသင့် အတင့်လက္ခဏာမျိုး ရှိတတ်ပါတယ်။ အသက် ၂၅ နှစ်အထက်ဆိုရင် ရောဂါလက္ခဏာတွေ ရှိလာ တတ်ပါတယ်။ တစ်နည်းအားဖြင့် အသက်ကြီး လေလေ ရောဂါလက္ခဏာတွေ ပေါ်လာတတ် လေလေ ဖြစ်ပါတယ်။ ဒါပေမယ့် အသက် တစ်နှစ် အောက် ကလေးတွေ၊ မွေးစကနေ ၂၈ ရက် ကလေး တွေမှာ အန္တရာယ်ရှိဆဲ ဖြစ်ပါတယ်။
ကလေးတွေမှာ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွား ပြီးပြီဆိုရင် နောက်ဆက်တွဲ ရောဂါဝေဒနာတွေ ခံစားရနိုင်ပါတယ်လို့ ပြောထားတဲ့အတွက် မပေါ့ဆ စေချင်ပါဘူး။ ဥရောပနဲ့ အမေရိကမှာ ကလေး တွေ ကိုဗစ်ဖြစ်ပွားပြီးရင် ခန္ဓာကိုယ်မှာရှိတဲ့ အင်္ဂါ အစိတ်အပိုင်းတွေ ရောင်ရမ်းတဲ့လက္ခဏာတွေနဲ့ နောက်ဆက်တွဲဆက်စပ်မှုတွေ ရှိတတ်တယ်လို့ သိရပါတယ်။ အချို့တွေမှာ ရောဂါပြင်းထန်မှုတွေ ခံစားရနိုင်ပါတယ်။
အချုပ်အားဖြင့် ကလေးတွေနဲ့ ဆယ်ကျော် သက်တွေအနေနဲ့ ကိုဗစ် - ၁၉ ရောဂါ ခံစားရနိုင် ပါတယ်။ လူကြီးတွေနဲ့ နှိုင်းစာရင် ရောဂါလက္ခဏာ ခံစားရမှုနည်းပါတယ်။ ဘာကြောင့်လဲဆိုရင် ကလေးတွေမှာ Biological Factor ဆိုတဲ့ သဘာဝ ဇီဝဖြစ်စဉ်မှာ ကိုယ်ခံအားစနစ်က ကောင်းစွာဖွံ့ဖြိုး ပြီး ရောဂါပိုးတွေကို တိုက်ထုတ်နိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ဗိုင်းရပ်စ်အနေနဲ့ ကလေးတွေမှာ ရောဂါ ဖြစ်ပွားမှုသဘော သဘာဝကိုက ပျော့ပါတယ်။ သိပ်ပြီး ဆိုးဆိုးရွားရွား မဖြစ်ပါဘူး။ ဗိုင်းရပ်စ်ရဲ့ သဘောသဘာဝအပေါ် မူတည်ပါတယ်။ ကလေး တွေက အိမ်ထဲမှာ နေတာများတယ်၊ အန္တရာယ်ရှိတဲ့ အပြုအမူတွေ မပြုလုပ်ဘူး၊ နောက်ခံရောဂါတွေ မရှိဘူး ဒီလိုအကြောင်းအချက်တွေက ကလေး တွေမှာ ရောဂါဖြစ်ပွားမှုနဲ့ ကူးစက်မှုနည်းစေတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ သူတို့တွေ အပြင်ထွက်ရတာနည်းတဲ့အတွက် ပတ်ဝန်းကျင် ကနေ ကူးစက်မှု အခွင့်အလမ်းနည်းတယ်၊ ဗိုင်းရပ်စ်ရဲ့ ကူးစက်မှု ပမာဏနည်းပါတယ်။ သူတို့ ကနေ အခြားသူကို ကူးစက်နိုင်စွမ်းရှိပါတယ်။
ရောဂါဖြစ်ပွားရင် ရောဂါရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်ပွားတာ နည်းပါတယ်။ ဘယ်လို လူတွေမှာ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်စေနိုင် သလဲဆိုရင် မွေးရာပါရောဂါအခံရှိသူ၊ ဆီးချို၊ အဝ လွန်တာ၊ သွေးနဲ့ဆိုင်တဲ့ရောဂါတွေခံစားနေရတဲ့ ကလေးတွေဆိုရင် သူများထက်ပိုပြီး ဂရုစိုက်ရမှာ ဖြစ်ပါတယ်။
မေး ။ ။ ကျောင်းတွေ ပြန်ဖွင့်ချိန်မှာ လိုက်နာ
ရမယ့်အချက်တွေကို ပြောကြားပေးပါဦး။
ဖြေ ။ ။ မကြာမီ ရောဂါကို ကာကွယ်ထိန်းချုပ်
နိုင်လာပြီဆိုရင် ကျောင်းတွေပြန်ဖွင့်ဖို့ အစီအစဉ် ရှိပါတယ်။ ရောဂါကူးစက်မှုအလွန်များတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျောင်းတွေ ပြန်ဖွင့်နေပြီး အခြားကမ္ဘာ့နိုင်ငံတွေမှာ ကျောင်းတွေပြန်ဖွင့်ဖို့ ဆောင်ရွက်နေပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ရောဂါကာကွယ်ထိန်းချုပ် နိုင်စွမ်းရှိလာတဲ့ မကြာမီအချိန်မှာ ကျောင်းတွေ ပြန်ဖွင့်ဖို့ရှိပါတယ်။ ဒီအခါ မိဘတွေအနေနဲ့ စိုးရိမ် ပူပန်မှုတွေရှိပြီး ဒီစိုးရိမ်ပူပန်မှုတွေ လျော့နည်းစေ ဖို့အတွက် ကလေးတွေမှာ ဖြစ်ပွားမှုနည်းတယ်၊ ဖြစ်ပွားရင်လည်း ဆိုးဆိုးရွားရွား မဖြစ်ဘူးဆိုတဲ့ သတင်းစကားပါးလိုပါတယ်။
အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ် ရေးဗဟိုဌာန (CDC)ရဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၉ ရက် ထုတ်ပြန်ထားတဲ့ အမေး၊ အဖြေအရ ကလေးတွေ ကူးစက်နိုင်သလားဆိုရင် ကလေးတွေ၊ ဆယ်ကျော် သက်တွေမှာ ကူးစက်နိုင်ပါတယ်။ ရောဂါပြင်းထန်စွာ ခံစားရတာတွေ မရှိနိုင်ပါဘူး။ သူတို့ကနေတစ်ဆင့် အခြားလူကို ကူးစက်နိုင်ပေမယ့် နည်းပါတယ်။ ဘယ်လိုကလေးတွေက အန္တရာယ်များသလဲဆိုရင် လူကြီးတွေလိုပါပဲ။ ဝတဲ့ကလေးတွေ၊ ဆီးချိုရှိသူ၊ ပန်းနာရင်ကျပ်ရှိသူ၊ အဆုတ်မကောင်းသူ၊ သွေးထဲ မှာ သွေးနီဥ ပုံပျက်နေတဲ့ ရောဂါရှိသူတွေ၊ ကိုယ်ခံ အား ကျဆင်းနေတဲ့ ကလေးတွေမှာ သူများထက် စာရင် အန္တရာယ်ပိုရှိပါတယ်။
လူကြီးတွေထက်စာရင် ဘယ်လောက်အထိ အန္တရာယ်နည်းသလဲဆိုရင် လက်ရှိအချိန်အထိ သိရှိ ရတဲ့အချက်အလက်တွေအရ အသက် ၁၈ နှစ် အောက်မှာ ရောဂါဖြစ်ပွားမှုက တစ်ကမ္ဘာလုံး ရောဂါ ဖြစ်ပွားမှုရဲ့ ၈ ဒသမ ၅ ရာခိုင်နှုန်းရှိတယ်လို့ CDC ကပြောထားပါတယ်။ သေဆုံးမှု အလွန်နည်းပါ တယ်။ နောက်ခံရောဂါရှိသူတွေလောက်ပဲ အန္တရာယ် ရှိပါတယ်။ ရောဂါလက္ခဏာအနေနဲ့ ပြင်းပြင်း ထန်ထန် မဖြစ်ပါဘူး။ ပြင်းပြင်းထန်ထန်ဖြစ်သူ၊ ဝေဒနာခံစားရသူ၊ သေဆုံးသူတွေ ရှိနိုင်ပါတယ်။ သာမန်ကလေးတွေထက် နောက်ခံရောဂါရှိသူတွေ မှာ ပိုဖြစ်နိုင်ပါတယ်။
ကလေးတွေမှာ ရောဂါပိုးကူးစက်ရင် ဆိုးဆိုး ရွားရွားဖြစ်လေ့ မရှိပါဘူး။ တချို့မှာ ရောဂါလက္ခဏာ မရှိတဲ့အတွက် ဖြစ်လို့ဖြစ်မှန်း မသိပါဘူး။ ဘယ်လို လက္ခဏာတွေ ပေါ်တတ်သလဲဆိုရင် ကလေးတွေမှာ အနံ့အရသာပျောက်တာထက်စာရင် ဖျားတယ်၊ ချောင်းဆိုးတယ်၊ ဝမ်းပျက်တယ်၊ အန်တယ်၊ ခေါင်းကိုက်တယ်၊ နေရတာမကောင်းဘူး၊ မအီမသာ ဖြစ်တယ် ဒီလိုပုံစံမျိုးတွေနဲ့ လာတတ်ပါတယ်။
မိသားစုဝင်တွေ ကာကွယ်ဆေးထိုးခြင်းက ကလေးတွေကို သွယ်ဝိုက်ပြီး ကာကွယ်ရာ ရောက် ပါတယ်။ ကာကွယ်ဆေးထိုးဖို့ အခွင့်အလမ်းရှိသူတွေ အနေနဲ့ ကာကွယ်ဆေးထိုးထားမယ်ဆိုရင် မိမိရဲ့ မိသားစုထဲမှာရှိတဲ့ ကလေးတွေကို ကိုဗစ်-၁၉ အန္တရာယ်က ကင်းဝေးစေပါတယ်။ ကျောင်းတွေက ဆရာ ဆရာမတွေ အများစုကို ဦးစားပေးအစီအစဉ်နဲ့ ကာကွယ်ဆေးထိုးနှံပေးပြီး ဖြစ်ပါတယ်။
ကျောင်းဖွင့်ဖို့အတွက် ဆရာ ဆရာမတွေ အကုန်လုံး ကာကွယ်ဆေးထိုးပြီး ဖြစ်ရမယ်လို့ သတ်မှတ်ချက် မရှိပါဘူး။ အမေရိကန်လို ကာကွယ် ဆေးလွှမ်းခြုံမှုများတဲ့ နိုင်ငံမှာတောင် ကျောင်းဖွင့် ဖို့အတွက် ကလေးတွေ ကာကွယ်ဆေးထိုးပြီး ဖြစ်ရမယ်၊ ဆရာ ဆရာမတွေ ကာကွယ်ဆေးထိုးပြီး ဖြစ်ရမယ်လို့ သတ်မှတ်ချက် မလုပ်ထားပါဘူး။ မြန်မာနိုင်ငံမှာ စိတ်ချရတဲ့အချိန်၊ ရောဂါကို ထိန်းချုပ်နိုင်တဲ့အချိန်မှာ စာသင်ကျောင်းတွေ ပြန်ဖွင့်မှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ကလေးတွေက စာသင် ကျောင်းတွေနဲ့ ဝေးကွာနေတယ်။ မြန်မာနိုင်ငံမှာ ကျောင်းမနေနိုင်တဲ့ ကလေးတွေက ရာခိုင်နှုန်း အတိုင်းအတာတစ်ခုအထိ များနေဆဲဖြစ်ပါတယ်။ ဒီလိုပိတ်ရက်တွေ များလာတဲ့အခါ ကျောင်းပြင်ပကို ရောက်ရှိသွားနိုင်တဲ့ ကလေးဦးရေတွေများလာပြီး သူတို့ရဲ့ဘဝနောင်ရေး၊ ရှေ့အလားအလာကို အများ ကြီး ထိခိုက်နိုင်ပါတယ်။ ကျောင်းတွေ မြန်မြန်ဖွင့် နိုင်ဖို့ဆိုတာ ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ဖို့က အရေးကြီးတဲ့အတွက် ပြည်သူတွေအားလုံးက ကိုဗစ်-၁၉ စည်းကမ်းတွေကို လိုက်နာပြီး ကာကွယ် ထိန်းချုပ်ရေးမှာ အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက် ကြဖို့လိုပါတယ်။ မကြာမီအချိန်အတွင်းမှာ ပညာ ရေးကဏ္ဍကို ပုံမှန်အတိုင်း ပြန်လည်လည်ပတ် နိုင်ပြီး မြန်မာနိုင်ငံက ကလေးတွေ အခြားနိုင်ငံတွေ ထက် နောက်ကျမကျန်ရအောင် အားလုံးပူးပေါင်း ဆောင်ရွက်ဖို့ ပြည်သူအားလုံးမှာ တာဝန်ရှိပါ တယ်လို့ ပြောလိုပါတယ်။
ကျေးဇူးတင်ပါတယ်။