တရုတ်နိုင်ငံဘက်မှ နယ်စပ်ဂိတ်များပိတ်ပြီးနောက် မူဆယ်နယ်စပ်သို့ဒေသသုံးကုန်ပစ္စည်းများအနည်းငယ်မျှသာ ဝင်ရောက်

 

မူဆယ်  စက်တင်ဘာ  ၂၀


မြန်မာ - တရုတ်နယ်စပ်၌ နှစ်နိုင်ငံ ကုန်သွယ်စီးဆင်း မှုအဓိကလမ်းကြောင်းဖြစ်သည့် ကျင်စန်းကျော့ဂိတ် နှင့် ဝမ်တိန်ဂိတ်ကို ပြီးခဲ့သည့်နှစ်လကျော်ခန့်က  တရုတ်အာဏာပိုင်များက ကိုဗစ်- ၁၉ ရောဂါ အကြောင်းပြချက်ဖြင့် ယခုအချိန်အထိ ယာယီပိတ် ထားသောကြောင့်  မူဆယ်နယ်စပ်သို့  ဒေသသုံးကုန် ပစ္စည်းများသာ     အနည်းငယ်မျှ      ဝင်ရောက်မှုရှိ  ကြောင်း သိရသည်။  
အဆိုပါနယ်စပ်ဂိတ်များ   ပိတ်ထားပြီးနောက်  မြန်မာဘက်မှ    ပို့ကုန်ယာဉ်များ   တရုတ်နိုင်ငံသို့ ဝင်ရောက်ခြင်းမရှိဘဲ   တရုတ်ဘက်မှ  ကျန်းမာရေး သုံးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်း၊    သီးနှံကားများ သုံးရက်ခြား   မြန်မာဘက်သို့    တင်သွင်းလျက်ရှိ ကြောင်း  သိရသည်။
တရုတ်နယ်စပ်ဂိတ်များ ပြန်ဖွင့်နိုင်ခြေမရှိသေးသည့်အတွက်       မူဆယ်နယ်စပ်ဒေသ(၁၀၅)မိုင်  ကုန်သွယ်ရေးဇုန်ထဲသို့  လောလောဆယ်   လက်ရှိ အခြေအနေအရ   ဘိလပ်မြေနှင့်    ကုန်စုံစသည့်  ဒေသသုံးကုန်ပစ္စည်းများနှင့် ကုန်တင်ယာဉ် အနည်း ငယ်မျှသာ  ဝင်ရောက်မှုရှိကြောင်း  သိရသည်။
မူဆယ်ဒေသခံတစ်ဦးက“ (၁၀၅)မိုင်မှာ   ဖွင့် လှစ်ထားတဲ့ ခုတင် ၁၀၀၀ ဆံ့ ကိုဗစ်ရောဂါ ကုသ ရေးစင်တာကြီးလည်း   ပြီးသလောက်တော့ရှိနေပါပြီ။ ဘယ်အချိန်ဖွင့်မယ်ဆိုတာတော့  အတိအကျ  မသိ သေးပါဘူး။ အကယ်၍ ဖွင့်ခဲ့ရင်လည်း တရုတ်ဘက် က  ကျင်စန်းကျော့ဂိတ်ကို   မဖွင့်ပေးနိုင်သေးရင် ဒီကိုဗစ်စင်တာမှာ  လူရှိမယ်မထင်ဘူး။  အဓိက နှစ်နိုင်ငံကုန်သွယ်မှုအတွက်  ရည်ရွယ်ပြီး ဆောက် လုပ်တာဖြစ်တဲ့အတွက်        ကုန်တင်ယာဉ်များက ဂိတ်မဖွင့်မချင်း     လာကြမှာမဟုတ်ဘူး။ တကယ် ဆို     တရုတ်ဘက်က   ဂိတ်တွေကိုပြန်ဖွင့်ပေးမှပဲ     ကိုဗစ်စင်တာမှာ    ကုန်ကားဆရာတွေ  ကျန်းမာရေး စစ်ဆေးမှုနဲ့       ကိုဗစ်ရောဂါစမ်းသပ်ကုသမှုအပိုင်း တွေလုပ်လို့ရမှာဖြစ်သလို  နှစ်နိုင်ငံ   ကုန်စည်စီးဆင်း မှုလည်း   ပုံမှန်ဖြစ်နိုင်ခြေရှိတာ။ အခုတော့ ခုတင်  ၁၀၀၀ဆံ့  ကိုဗစ်စင်တာကြီး ပြီးတယ်ဆိုပေမယ့်    ဂိတ်တွေပိတ်ထားတဲ့အတွက်ကြောင့်  ဒီစင်တာ ကြီးမှာ  ဆေးကုသမှုအပိုင်းတွေ   စနိုင်မှာ မဟုတ် သေးသလို နှစ်နိုင်ငံကုန်သွယ်မှုလည်း အဆင်ပြေမှာ မဟုတ်သေးပါဘူး”ဟု   သူ့အမြင်ကို  ပြောသည်။
မူဆယ်(၁၀၅)မိုင်တွင် တရုတ်ဘက်မှစီးပွာရေးလုပ်ငန်းရှင်များနှင့်    မြန်မာဘက်မှ  ကုန်သည်များ ချိတ်ဆက်၍          ကိုဗစ်ရောဂါကင်းစင်စေရန်နှင့် နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှု  ပုံမှန်ဖြစ်စေရန် ရည်ရွယ်
ပြီး မူဆယ်(၁၀၅) မိုင်   ကုန်သွယ်ရေးဇုန်နယ်မြေ အတွင်းရှိ အရှေ့မြောက်တံခါးအများနှင့် သက်ဆိုင် သော  ကုမ္ပဏီ  သစ်သီးရောင်းဝယ်ကွင်းတွင်  ခုတင် ၁၀၀၀ ဆံ့  ကိုဗစ်ရောဂါ    ကုသရေးစင်တာကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။   
နှစ်နိုင်ငံကုန်သွယ်မှု မှာလည်း လက်ရှိအနေအထား အရ  မူဆယ်နယ်စပ်သို့ ဒေသသုံးကုန်ပစ္စည်းများသာ      ဝင်ရောက်လျက်ရှိသည်။ စက်တင်ဘာ  ၁၉ ရက်တွင်    ကုန်သွယ်ရေး ဇုန်အတွင်းသို့   ပို့ကုန်ယာဉ် တစ်စီး၊ ဒေသသုံးယာဉ် ၁၁ စီး စုစုပေါင်း ပို့ကုန်ယာဉ် ၁၂ စီး ဝင်ရောက်ပြီး သွင်းကုန်ယာဉ် ၁၀ စီး၊ ဒေသသုံး ယာဉ်ခြောက်စီး စုစုပေါင်း   ၁၆  စီး    ဝင်ရောက်လျက်ရှိ ရာ ပို့ကုန်သွင်းကုန်   နှစ်ခုပေါင်း     ကုန်တင်ယာဉ်     ၂၈ စီး  ဝင်ရောက်ခဲ့ကြောင်း သိရသည်။ 
မူဆယ်နယ်စပ်သို့       နယ်စပ်ဂိတ်မပိတ်ခင် ရောက်ရှိထားသော ဆန်၊   ကြက်သွန်၊ ပဲအမျိုးမျိုး၊ နနွင်းတက်စသည့်ကုန်ပစ္စည်းများကို  မြန်မာဘက် သို့   ပြန်လည်သယ်ယူပို့ဆောင်နေကြောင်း၊ မူဆယ်၊ နမ့်ခမ်းမြို့နှင့်  ၁၀၅ မိုင်နယ်မြေအတွင်းရှိ     ဝယ်ထား ပြီးသား       သံတိုသံစများကိုလည်း    အောက်ပိုင်းသို့            သယ်ယူပို့ဆောင်နေကြောင်း သိရသည်။
တရုတ်-မြန်မာနယ်စပ်      ကျင်စန်းကျော့ဂိတ် ဖွင့်ရန်ကိစ္စနှင့်  နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှု  အခြေ အနေကို  နယ်မြေခံများနှင့် ကုန်သွယ်ရေးဇုန်တာဝန် ရှိသူများထံ စုံစမ်းမေးမြန်းရာ ပြန်လည်ဖြေကြားပေး ခြင်းမရှိကြောင်း  သိရသည်။
သန့်စင်(မူဆယ်)