
ဘားအံ စက်တင်ဘာ ၂၀
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များသည် စက်တင်ဘာ ၁၉ ရက်က ကြာအင်းဆိပ်ကြီး မြို့နယ် ခလယ်ကျေးရွာအုပ်စု၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ခလယ် ကျေးရွာခန်းမတွင် ခလယ်၊ မြို့ဟောင်း၊ ခလယ် ရွာလေး၊ ဘုရားငါးဆူ၊ နောင်ဒစ် အစရှိသောကျေးရွာ များနှင့် ပတ်ဝန်းကျင်ဒေသများမှ ပြည်သူများအား ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး အာဟာရ ဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ကာ ကာကွယ်ဆေးထိုးနှံပေးကြသော ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နွေရာသီရေရှားပါးမှုကြောင့် သောက်သုံးရေ၊ စိုက်ပျိုး ရေ အဆင်ပြေစေရေး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မိုးကုတ် သစ္စာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ခလယ်အင်းတူးဖော်ခြင်း လုပ်ငန်းအား ကြည့်ရှု စစ်ဆေးပြီး ကန်ပေါင်ပတ်လည်တွင် အရိပ်ရသစ်ပင် များ စိုက်ပျိုးရန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် တံခွန်တိုင်ကျေးရွာအုပ်စုခန်းမ၌ ကျေးရွာ အုပ်စု ကိုးအုပ်စုမှ တောင်သူများနှင့် တွေ့ဆုံပြီး ရေကြီးနစ်မြုပ် ပျက်စီးခဲ့သည့် မိုးစပါး ၃၃၇ ဧက အတွက် မြေဩဇာနှင့် ပိုးသတ်ဆေးများ ထောက်ပံ့ ပေးအပ်ကာ သဘာဝဘေးသင့်ဒေသများရှိ မွေးမြူ ရေး လုပ်ကိုင်သူများအတွက် တိရစ္ဆာန်အစာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဖူးပွင့်သစ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော တံခွန်တိုင်အင်း တူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၁၆ ခုတင်ဆံ့ ခလယ်တံခွန်တိုင်တိုက်နယ်ဆေးရုံ အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ထမ်းဆောင် လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် ကာ Oxygen Concentrator ၊ နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များ၊ PPE ဝတ်စုံများ ထောက်ပံ့ ပေးအပ်ခဲ့သည်။
ထို့နောက် တံခွန်တိုင်အထက်တန်းကျောင်း ခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက် ပေးနေမှုကို ကြည့်ရှုအားပေးပြီး အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အား လက်ဝယ်အရောက်ပေးအပ်ခဲ့ကြကြောင်းနှင့် ပူးပေါင်းကူညီဆောင်ရွက်ပေးသည့် ဒေသခံစေတနာ့ ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)