ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၆၂၁ ဦး ထပ်မံတွေ့ရှိ

မနီလာ   စက်တင်ဘာ  ၂


ဖိလစ်ပိုင်နိုင်ငံ၌      ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆၆၂၁ ဦးကို  ထပ်မံတွေ့ရှိသဖြင့်  နိုင်ငံအတွင်း  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၀၂၀၄၈၄ ဦး ရှိလာကြောင်း   ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားသည်။ 


အလားတူ ကိုဗစ်-၁၉ ရောဂါကြောင့် ၁၄၈ ဦး ထပ်မံသေဆုံးသဖြင့်   နိုင်ငံအတွင်း   ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၃၃၆၈၀  ရှိလာ ကြောင်း အဆိုပါဝန်ကြီးဌာနက ပြောကြားသည်။ လူဦးရေ သန်း ၁၁၀ ရှိသော ဖိလစ်ပိုင်နိုင်ငံ၌ ၁၇ ဒသမ ၅ သန်းကျော်မှာ   ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးမှုခံယူပြီးဖြစ်သည်။ နိုင်ငံအတွင်းရှိ လူဦးရေ ၇၇ သန်း(သို့မဟုတ်) ၇၀ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေ အပြည့်ထိုးနှံပေး နိုင်ရန်     ဆောင်ရွက်လျက်ရှိကြောင်း    ကွန်ဂရက် အစည်းအဝေးတွင်      ကျန်းမာရေးဝန်ကြီး ဖရန်စစ်ဒူကူးက ပြောကြားသည်။ 


အစိုးရက နိုင်ငံလူဦးရေအားလုံးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ရန်     လာမည့်နှစ် ဖေဖော်ဝါရီလအထိ  အချိန်ယူဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း    ၎င်းကထပ်မံ  ပြောကြား သည်။ နိုင်ငံအတွင်း   လက်ရှိအချိန်၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၃၃ ဒသမ ၇ သန်း ကျော်ကို ထိုးနှံပေးခဲ့ပြီး လူဦးရေ ၁၃ ဒသမ ၉ သန်း ကျော်မှာ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးအကြိမ်ရေ အပြည့်  ထိုးနှံမှုခံယူပြီးစီးကြောင်း  သိရသည်။ ဖိလစ်ပိုင် နိုင်ငံသည်   တရုတ်နိုင်ငံအပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်သည့် နိုင်ငံများမှ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး ၅၂ ဒသမ ၆ သန်း ကျော်ကို ရရှိပြီးဖြစ်သည်။      

  
    ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - စိုးသူရ