
တိုကျို စက်တင်ဘာ ၂
ယခုလနှောင်းပိုင်းတွင် ကျင်းပပြုလုပ်မည့် လစ်ဘရယ်ဒီမို ကရက်တစ်ပါတီခေါင်းဆောင်မှုနေရာ ယှဉ်ပြိုင်မှုမတိုင်မီ ဂျပန်ဝန်ကြီးချုပ် ဆူဂါ ယိုရှီဟိဒဲက လာမည့်သီတင်းပတ်တွင် ၎င်း၏လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အမှုဆောင်များကို ပြန်လည်ရွေးချယ်ဖွဲ့စည်းမှုများ ပြုလုပ်ရန် စီစဉ်ထားသည်။
စက်တင်ဘာလလယ်တွင် အောက်လွှတ်တော်ကို ဖျက်သိမ်းကောင်းဖျက်သိမ်းမည်ဆိုသည့် ခန့်မှန်းတွက်ချက်မှု ကို စက်တင်ဘာ ၁ ရက်က ဆူဂါက ပယ်ချခဲ့ပြီး လျှပ်တစ်ပြက် အထွေထွေရွေးကောက်ပွဲအတွက် တောင်းဆိုလိုက်သည်။
ထိပ်တန်းဦးစားပေးကိစ္စသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား မှုကို ကိုင်တွယ်ဖြေရှင်းရန်ပင်ဖြစ်ကြောင်း၊ ယခုလို ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် အခြေအနေများအောက်တွင် လွှတ်တော်ကို ဖျက်သိမ်းရန်ဆိုသည်မှာ လုံးဝမဖြစ်နိုင်ကြောင်း ဆူဂါက ပြောကြားလိုက်သည်။
လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ ဥက္ကဋ္ဌနေရာ ရွေးကောက်တင်မြှောက်ခြင်းကို သူ့အနေဖြင့် ရွှေ့ဆိုင်းကောင်း ရွှေ့ဆိုင်းမည်ဟူသည့် ဖြစ်နိုင်ခြေများကိုလည်း ပယ်ချလိုက် သည်။ ဥက္ကဋ္ဌနေရာယှဉ်ပြိုင်မှုအတွက် စည်းရုံးလှုံ့ဆော်ခြင်း များကို စက်တင်ဘာ ၁၇ ရက်တွင် စတင်မည်ဖြစ်ပြီး မဲပေး ရွေးချယ်ခြင်းများကို စက်တင်ဘာ ၂၉ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသည်။
ခေါင်းဆောင်နေရာ ရွေးကောက်ပွဲရက်ရွှေ့ဆိုင်းခြင်း ဆုံးဖြတ်ချက်သည် ပြည်သူ့ထောက်ခံမှုကို ရရှိလိမ့်မည်မဟုတ် သည့်အတွက် ပါတီအဖွဲ့ဝင်အများစုက ဆူဂါ၏ မှတ်ချက်ပြု ပြောစကားများသည် ယုတ္တိဆန်ကြောင်း ပြောသည်။
အထူးအဖွဲ့၏အစည်းအဝေးတွင် အတည်ပြုကြောင်း ထောက်ခံချက်ရရှိပြီးနောက် လာမည့်သီတင်းပတ် တနင်္လာနေ့ မတိုင်မီ ပါတီအမှုဆောင်နေရာ အပြောင်းအလဲများ ပြုလုပ် သွားရန် ဆူဂါက စီစဉ်ထားသည်။
ဆူဂါက အတွင်းရေးမှူးချုပ်အဖြစ် ပါတီသမိုင်းတွင် သက်တမ်းအကြာဆုံး ငါးနှစ်ဆက်တိုက် တာဝန်ထမ်းဆောင် ခဲ့သည့် နီကိုင်တိုရှီဟီရိုကို အပြောင်းအလဲလုပ်ရန် စီစဉ်ထား ကြောင်း သိရသည်။ အင်န်အိတ်ချ်ကေ