
ရန်ကုန် ဩဂုတ် ၃၁
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ ဖိုတိုလစ်သိုပုံနှိပ်စက်ရုံသို့ ရောက်ရှိပြီး လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဖိုတို လစ်သိုပုံနှိပ်စက်ရုံရှိ Cityline ပတ်လည်စက် စက်ကြံ့ခိုင်ရေးဆောင်ရွက်နေမှု၊ Oliver ရွက်ထိုး စက်ဖြင့် ပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ သိုလှောင်ရုံတွင် ကုန်ကြမ်းပစ္စည်းများ သိုလှောင်ထား ရှိမှုနှင့် CTP ခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။
ထို့နောက် ဖိုတိုလစ်သိုပုံနှိပ်စက်ရုံ အစည်းအဝေး ခန်းမ၌ ပုံနှိပ်စက်ရုံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးဝင်းကျော်အောင်က စက်ရုံနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှာဖွေကြံဆလုပ်ဆောင်
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေး မှာကြားရာတွင် နိုင်ငံ့ဝင်ငွေတိုးတက်စေမည့် လုပ်ငန်းများ ပိုမိုလုပ်ကိုင်၍ စက်စွမ်းအားပြည့် ဆောင်ရွက်ပေးရန်နှင့် ဝင်ငွေတိုးတက်ရှာဖွေနိုင်မည့် နည်းလမ်းများကို ရှာဖွေကြံဆလုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ ပုံနှိပ်လုပ်ငန်းများ အမှားအယွင်း မရှိစေရေးနှင့် ပစ္စည်းများ လုံခြုံစွာထိန်းသိမ်းရေး ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံရေးအခင်းအကျင်းနှင့် ဖြစ်ပေါ်နေသည့် အခြေ အနေများတွင် နိုင်ငံတော်ဘက်မှ ရပ်တည်၍ ပါဝင် ဆောင်ရွက်ရသော အရေးကြီးသည့်ဌာနတစ်ခု ဖြစ်သည်ဟု ခံယူဆောင်ရွက်ကြစေလိုကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၏ လုပ်ငန်းများကို တာဝန် ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် အစဉ်အလာကောင်းများ ဖန်တီးပေးအပ်ချင်ကြောင်း၊ ထို့ကြောင့် လုပ်နည်း လုပ်ဟန်အဟောင်းများ၊ ခေါက်ရိုးကျိုးနေသည့် လုပ်ငန်းပုံစံများအစား ပိုမိုသစ်လွင်ကောင်းမွန်သည့် လုပ်နည်းလုပ်ဟန်များဖြင့် တီထွင်ကြံဆလုပ်ဆောင် ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် အလွှာအသီးသီး၊ နယ်ပယ်အသီးသီးနှင့် ထိတွေ့ ဆက်ဆံဆောင်ရွက်ရသည့်အတွက် ၎င်းတို့အား စိတ်ကျေနပ်မှုရစေမည့် ဝန်ဆောင်မှုများပေးရန်နှင့် ပြည်သူလူထု၏ အသိအမှတ်ပြုမှုရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စက်ရုံတွင် မီးဘေးအန္တရာယ် ကင်းရှင်းရေးဆောင်ရွက်ရန်နှင့် လျှပ်စစ်မီးလိုင်း၊ မီးကြိုးများ ပေါက်ပြဲမှုမရှိစေရေးနှင့် မီးဘေးအန္တရာယ်မရှိစေရေး အမြဲမပြတ်စစ်ဆေး ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့အား တွေ့ဆုံသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်တင်၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဒုတိယဥက္ကဋ္ဌ (၂) ဦးတင်မောင်ဦး၊ အတွင်းရေးမှူး ဦးမျိုးထွန်း (မောင်စိမ်းနောင် - လယ်ဝေး) ၊ တွဲဖက်အတွင်းရေးမှူး (၁) ဦးရဲနိုင်စိုးနှင့် ကောင်စီဝင်များဖြစ်ကြသည့် ဦးခင်မောင်အေး (KMA)၊ ဒေါက်တာအေးမင်း၊ ဦးမောင်မောင်မြင့်အေး၊ ဦးစိုးမင်း၊ ဦးတင်မောင်ထွေး၊ ဒေါ်မြင့်မြင့်သိန်း၊ ဒေါ်ချိုအိဇင် (ခေါ်) နွေဦးလင်း၊ ဦးနေလင်း (မောင်ချိုဝေ) တို့ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေး ပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်က စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတပညာရှင်များသည် နိုင်ငံ တည်ဆောက်ရေးအတွက် အရေးပါသောကဏ္ဍမှ ပါဝင်နေသည့်အတွက် ၎င်းတို့နှင့် ပေါင်းစပ်၍ တိုင်းပြည်၏ အနာဂတ်ကောင်းအောင် လုပ်ဆောင် သင့်သည်များကို လုပ်ဆောင်ပါဟု လမ်းညွှန်ထားပါ ကြောင်း၊ ယနေ့အခြေအနေတွင် မသမာသူများ၊ ကျင့်ဝတ်မဲ့မီဒီယာများကြောင့် လူငယ်အချို့၏ဘဝ များ ထိခိုက်ဆုံးရှုံးမှုများရှိနေပါကြောင်း၊ ထို့ကြောင့် ပြည်သူများအား အသိမှန်၊ အမြင်မှန်၊ အလုပ်မှန်စေရန် သတင်းမီဒီယာသမားများက မှန်ကန်သည့် မီဒီယာ နည်းလမ်းများဖြင့် ကူညီဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ အနာဂတ်မျိုးဆက်များ သည် မှန်ကန်သည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိ မည်ဖြစ်ပါကြောင်း။
အိမ်စောင့်အစိုးရသည် နိုင်ငံတော်ကို ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် ချမှတ်၍ နိုင်ငံနှင့် နိုင်ငံသားတို့အကျိုးအတွက် ဆောင်ရွက်နေချိန်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဝင်များသည် အသက်အရွယ်အရ လည်းကောင်း၊ အသိအမြင် အတွေ့အကြုံအရ လည်းကောင်း ရင့်ကျက်သူများဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရ၏ လုပ်ငန်းစဉ်များတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုပါကြောင်းနှင့် မိမိတို့ ၏ မြန်မာ့လူ့အသိုင်းအဝိုင်းကို အေးချမ်းတည်ငြိမ်ပြီး သာယာပျော်ရွှင်ဖွယ်ကောင်းသည့် လူ့အသိုင်းအဝိုင်း ကြီးတစ်ခု ဖြစ်ထွန်းလာစေရေးအတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များက ကူညီဖော်ဆောင် ပေးကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်နှင့် တက်ရောက်လာကြသည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များက မီဒီယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ၊ သတင်းမီဒီယာ သမားများအတွက် ကူညီထောက်ပံ့ရေးကိစ္စများ၊ သင်တန်းဖွင့်လှစ်ရေးကိစ္စများ၊ မီဒီယာလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးကိစ္စများ၊ ပြန်ကြားရေးဝန်ကြီးဌာန က ထုတ်လွှင့်လျက်ရှိသည့် မီဒီယာလုပ်ငန်းများအပေါ် အကြံပြုချက်များ ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
သတင်းစဉ်