
နေပြည်တော် ဩဂုတ် ၂၃
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ (၉) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့် အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြား သည်။
Video Conferencing ဖြင့် တက်ရောက်
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ကူးစက်ဖြစ်ပွားမှုများ သိသိသာသာလျော့ကျ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာ တွင် မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားခဲ့သည့်အချိန်တွင် သိသာမှုမရှိခဲ့သော်လည်း တတိယ လှိုင်းကူးစက်မှု ဖြစ်ပွားချိန်၌ ကူးစက်မှုမြန်ဆန်ခဲ့သည့် အခြေအနေဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့ ဗဟိုအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကိစ္စရပ်များအား အချိန် နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့သည့်အတွက် ရောဂါ ကူးစက်မှုများ အတိုင်းအတာတစ်ခုအထိ လျော့ကျ လာသည်ကို တွေ့ရှိရကြောင်း၊ ဇူလိုင် ၉ ရက်တွင် လူဦးရေ ၁၅၇၄၀ ဦးအား စစ်ဆေးခဲ့ရာ ပိုးတွေ့ လူဦးရေ ၄၃၂၀ ဦး တွေ့ရှိရကြောင်း၊ ဇူလိုင် ၁၄ ရက်တွင် လူဦးရေ ၂၁၃၅၀ အား စစ်ဆေးခဲ့ရာ ပိုးတွေ့လူဦးရေ ၇၀၈၃ ဦးအထိ တွေ့ရှိခဲ့ရသဖြင့် ရာခိုင်နှုန်းအရ ၃၄ ရာနှုန်းအထိ ရောက်ရှိခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် လိုအပ်သည့် ထိန်းချုပ် မှုများ ဆောင်ရွက်ခြင်းနှင့် ပြည်နယ်နှင့် တိုင်းအလိုက် ကြပ်မတ်မှုများဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုအခါ ရောဂါကူးစက်ဖြစ်ပွားမှုများ သိသိသာသာလျော့ကျ လာသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် ယခုလအကုန်တွင် ရောဂါကူးစက်မှု ရာခိုင်နှုန်း ထက်ဝက်ခန့်အထိ လျော့ကျအောင် ကြိုးစား ဆောင်ရွက်ခဲ့မှုကြောင့် ဩဂုတ်လ ၁ ရက်နေ့တွင် ပိုးတွေ့လူနာ ၃၁၈၀ ဦး၊ ဩဂုတ်လ ၂၂ ရက်နေ့တွင် ၈၉၉၁ ဦးအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာ ၂၁၇၃ ဦး ရှိခဲ့သဖြင့် ရာခိုင်နှုန်းအရ ၂၄ ဒသမ ၁၇ ရာခိုင်နှုန်း အထိကျဆင်းလာသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ ရောဂါကူးစက်မှုနှုန်း ကျဆင်းရခြင်းမှာ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ကြီးကြပ်ကွပ်ကဲမှုများနှင့် ပြည်သူ လူထု၏ ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်ခြင်း ကြောင့်ဖြစ်ကြောင်း၊ ရောဂါကူးစက်မှု လျှော့ချနိုင်ရေး ဆက်လက်ဆောင်ရွက်ရာတွင် ပိုးတွေ့လူနာများနှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများကိုလည်း စစ်ဆေးနိုင်ရန် လိုအပ်ကြောင်း၊ ရောဂါစစ်ဆေးမှုများ ဆောင်ရွက်ရာ တွင် ဖြစ်နိုင်ခြေရှိသည်များအားလုံးကို စစ်ဆေးရန် လိုပြီး “အနာသိမှ ဆေးရှိမည်” ဖြစ်ကြောင်း၊ သို့မှသာ ကာကွယ်မှုအတွက် ပိုမိုစဉ်းစားဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ရောဂါကူးစက်မှုများလျော့ကျလာသော် လည်း ပေါ့ဆမှုများမရှိရန်လိုကြောင်း။
ကုန်ထုတ်လုပ်မှုများ ထိခိုက်ခဲ့
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် သွားလာမှုအခက်အခဲများဖြစ်ပေါ်ခဲ့သဖြင့် ကုန်ထုတ်လုပ်မှုများ ထိခိုက်ခဲ့မှုများရှိကြောင်း၊ စားသောက်ရေးအတွက် မိမိတို့လုပ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြကြောင်း၊ ထိုသို့ဆောင်ရွက်ချိန်တွင် ဝိသမလောဘ များဖြင့် ရောင်းဝယ်နေမှုများကိုလည်း တွေ့ရှိရ ကြောင်း၊ ပြီးခဲ့သည့်ကာလအတွင်း ဆေးဝါးများ ဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် စစ်ဆေး ကြပ်မတ်ခြင်းများ စနစ်တကျ ဆောင်ရွက်ခဲ့ခြင်း ကြောင့် ဆေးဝါးများ၏ ဈေးနှုန်းများ ပုံမှန်အခြေအနေ သို့ ပြန်လည်ကျဆင်းခဲ့ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏ အမျိုးသားရေးစရိုက်လက္ခဏာသည် စေတနာထား ပြီး လှူဒါန်းလိုသည့်စိတ်၊ ပေးကမ်းလိုသည့် အခြေခံ စိတ်များရှိပြီးဖြစ်သဖြင့် ၎င်းစိတ်ကို အခြေခံ၍ ဆောင်ရွက်မှုများသည် သဟဇာတဖြစ်ရန်လို ကြောင်း၊ မိမိတို့ နိုင်ငံတစ်ခုတည်းမဟုတ်ဘဲ ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံးတွင် စီးပွားရေး ကျဆင်းမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် စားသောက်ရေးနှင့် ကာကွယ်ကုသ ဆေးများနှင့် ပတ်သက်၍ ဝိသမလောဘများဖြစ်ပေါ်မှု မရှိအောင် ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း။
ကြိုးပမ်းဆောင်ရွက်လျက်ရှိ
ကိုဗစ်-၁၉ ရောဂါသည် ကာကွယ်ဆေးများ ထိုးနှံ ထားပါက ရောဂါဖြစ်နိုင်မှု ကျဆင်းပြီး ကာကွယ်နိုင်မှု ရှိသည်ကို တစ်ကမ္ဘာလုံးက လက်ခံထားကြကြောင်း၊ ထိုသို့ ကာကွယ်နိုင်မှုများကို သိရှိလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံနိုင်ရန် အတွက် ထိုးနှံလိုကြသူများ များပြားလာခဲ့ပြီး မိမိတို့ အနေဖြင့်လည်း ကာကွယ်ဆေးများရရှိရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်အစိုးရ လက်ထက် တွင် အိန္ဒိယနိုင်ငံမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သန်း ၃၀ ရရှိအောင် ဆောင်ရွက်ခဲ့သော်လည်း ပထမ အသုတ်ရောက်ရှိပြီး နောက်ပိုင်းတွင် အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိခြင်းမရှိခဲ့ကြောင်း၊ ထိုအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းပြီးခါစ အချိန်ဖြစ်သဖြင့်
အိန္ဒိယနိုင်ငံတစ်ခုတည်းကသာ အဓိကဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ တတိယလှိုင်း ဖြစ်ပေါ်လာချိန်တွင် တစ်ကမ္ဘာလုံးရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားလာခဲ့ရာ လက်ရှိကမ္ဘာ့လူဦးရေ၏ ၂၁၂ သန်းအထိ ဖြစ်ပွားခဲ့ပြီး သေဆုံးမှုနှုန်းများလည်း မြင့်တက်လျက်ရှိကြောင်း၊ နိုင်ငံအားလုံး၌ ရောဂါကာကွယ်ရေးအတွက် ကာကွယ်ဆေးများရရှိရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့အနေဖြင့်လည်း ၎င်းကဲ့သို့ အခြေအနေများအကြားမှ ပြည်သူလူထုကျန်းမာရေး အတွက် ကာကွယ်ဆေးများရရှိအောင် ခက်ခက်ခဲခဲ ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါ ကာကွယ်ဆေးများ ရောက်ရှိချိန်တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိ သူများအနေဖြင့် ကာကွယ်ဆေးထိုးနှံမှုများအား အမြန်ဆုံးထိုးနှံနိုင်ရေး စနစ်တကျ ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ တစ်ရက်စော၍ ဆေးထိုး နိုင်လျှင် တစ်ရက်စော၍ ကာကွယ်ပြီးဖြစ်မည်ဖြစ် ကြောင်း။
အသိပေးကြေညာထား
ယခုအခါ ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေး အတွက် ပြည်ပနိုင်ငံများမှ ကာကွယ်ဆေး ဆေးဝါး အတုများ ဝင်ရောက်လာမှုများရှိသည်ဟု ကြားသိရ သဖြင့် ပြည်သူများ ထိခိုက်မှုများရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနကလည်း ယင်းကိစ္စနှင့် ပတ်သက်၍ ဩဂုတ် ၂၂ ရက်တွင် ကြေညာချက် ထုတ်ပြန်၍ ပြည်သူလူထု သတိပြုနိုင်ရန် အသိပေး ကြေညာထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင် ရာနယ်စပ်ဒေသများမှ တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း၊ မြို့ကြီးများတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆေးဝါးကုမ္ပဏီများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ တင်သွင်းခွင့်ပေးထားကြောင်း၊ အထူးသဖြင့် နယ်စပ်ဒေသမှ ပြည်သူများအနေဖြင့် ဆေးဝါးအတုများ ထိုးနှံမှုမရှိစေရေးအတွက် ဒေသခံပြည်သူများသိရှိစေရေး အမြဲမပြတ်အသိပေး ထုတ်ပြန်ဆောင်ရွက်နေရန်လိုကြောင်း၊ ဆေးဝါး အတုများသည် လူ့အသက်အန္တရာယ်အထိဖြစ်ပေါ် စေနိုင်သဖြင့် ထိုသို့ ဆောင်ရွက်သူများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန် လိုကြောင်း။
အသိအမှတ်ပြုဆောင်ရွက်
ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် နွေစပါးရာသီတွင် စပါးစိုက်ပျိုးမှုများ လျော့နည်းခဲ့ ကြောင်း၊ ယခုအခါ မိုးရွာသွန်းမှုရာခိုင်နှုန်း မြင့်မား လျက်ရှိသဖြင့် ထိုအခြေအနေအား ကောင်းစွာ အသုံးချ၍ တောင်သူများအနေဖြင့် စပါးများနှင့် အခြား သီးနှံများအား စနစ်တကျ စိုက်ပျိုးကြရန် လိုအပ်ကြောင်း၊ နိုင်ငံအတွင်းစားသောက်ကုန်များ ဖူလုံစွာ ထုတ်လုပ်နိုင်ပြီး ရိက္ခာများပေါများလာပါက နိုင်ငံအတွက်ရိက္ခာရှားပါးမှု မဖြစ်ပေါ်နိုင်ကြောင်း၊ ယခုအခါ ကမ္ဘာ့နိုင်ငံများတွင် စားသောက်မှုနှင့် ပတ်သက်၍ ရိက္ခာများလိုအပ်မှုဖြစ်ပေါ်လျက်ရှိ ကြောင်း၊ မိမိတို့နိုင်ငံအတွင်း စိုက်ပျိုးရေးထုတ်ကုန် များ ပေါများလာပါက ပြည်ပပို့ကုန်များလည်း တင်ပို့နိုင်မည်ဖြစ်သဖြင့် နိုင်ငံခြားဝင်ငွေများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များအလိုက် ဝန်ကြီးချုပ် များနှင့် တာဝန်ရှိသူများအနေဖြင့် စိုက်ပျိုး တောင်သူများအား လိုက်လံကြည့်ရှုအားပေး၍ အသိအမှတ်ပြု ဆောင်ရွက်နေရန်လိုကြောင်း မှာကြားသည်။
ကာကွယ်တားဆီးနိုင်ရေးလုပ်ဆောင်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တက်ရောက် လာကြသူများက တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုနှုန်းကျဆင်းလျက်ရှိသည့် အခြေအနေ၊ ရောဂါဖြစ်ပွား မှုနှုန်း လျော့ကျခြင်းမရှိဘဲ ရောဂါပိုးအတည်ပြုလူနာ တွေ့ရှိမှုနှုန်း မြင့်မားလျက်ရှိသည့် အချို့မြို့နယ် များကို နေအိမ်တွင်နေထိုင်ရေး (Stay at home) ထပ်မံကန့်သတ်ထားရှိ၍ ကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျစေရေး လုပ်ဆောင်လျက်ရှိသည့် အခြေ အနေ၊ ကမ္ဘာ့နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် ဗီဇပြောင်းရောဂါပိုးများ ဆက်လက်တွေ့ရှိနေရမှု၊ ကူးစက်ပြန့်ပွားနိုင်မှု အခြေအနေများနှင့် ဗီဇပြောင်း ရောဂါပိုးများ ကူးစက်ဝင်ရောက်နိုင်မှုကို ကာကွယ် တားဆီးနိုင်ရေးလုပ်ဆောင်လျက်ရှိသည့် အခြေ အနေ၊ အောက်ဆီဂျင်သုံးစွဲသူများအနေဖြင့် SOP Guide Line နှင့်အညီသုံးစွဲရန် လိုအပ်သည့် အခြေအနေ၊ ဆေးရုံအသီးသီးတွင် သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ကျန်းမာရေး ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားထောက်ပံ့မှုများပြုလုပ်ရန် စီမံဆောင်ရွက် နေမှုအခြေအနေ၊ ဆေးရုံများအလိုက် ICU အခန်းများ အဆင့်မြှင့်တင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ လက်ရှိအချိန်အထိ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအခြေအနေများနှင့် ကာကွယ်ဆေး ထိုးနှံမှုအား အာဆီယံ Website များနှင့် WHO Website များတွင်လည်း တင်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိသည့် အခြေအနေ၊ ကာကွယ် ဆေးများရောက်ရှိမှု၊ ထပ်မံမှာယူထားရှိမှု အခြေအနေများနှင့် ထပ်မံဝယ်ယူရရှိနိုင်ရေး ညှိနှိုင်း ချိတ်ဆက်ဆောင်ရွက်နေမှုအခြေအနေ၊ ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါပိုး ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ပုဂ္ဂလိက ကုမ္ပဏီများ၏ ကာကွယ်ဆေးတင်သွင်းမှုနှင့် ထိုးနှံ နေမှုအခြေအနေများကို မှတ်တမ်းရေးသွင်းနိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေ။
ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆက်စပ် ပစ္စည်းများ၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ထောက်ပံ့မှုများကို နိုင်ငံတကာမှ လှူဒါန်း ပေးအပ်ခဲ့မှုနှင့် ထပ်မံလှူဒါန်းလာမည့် အခြေအနေ၊ Relif Flight များ ပြေးဆွဲပျံသန်း၍ နိုင်ငံသားများကို ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနိုင်ခဲ့သည့် အခြေအနေများနှင့် ဆက်လက်ပြေးဆွဲသွားမည့် အခြေအနေ၊ ရောဂါကာကွယ်ကုသထိန်းချုပ်ရေး ဆိုင်ရာနှင့် ဆက်စပ်ဆေးဝါးများ၊ စက်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးခဲ့သည့် အခြေအနေ၊ ကုန်စည် စီးဆင်းမှု မြန်ဆန်စေရေးအတွက် စီမံဆောင်ရွက်ပေး ထားမှုနှင့် ပေါင်းစပ်ဆောင်ရွက်ပေးနေမှု အခြေအနေ၊ FDA ၏ ထောက်ခံချက်ဖြင့် ကုန်စည်များ စိစစ် ထုတ်ပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးနေမှု အခြေအနေ။
ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး ဆိုင်ရာ အသိပညာပေးမှုများကို သတင်းစာများ၊ နိုင်ငံပိုင်ရုပ်မြင်သံကြား၊ ရေဒီယိုတို့အပြင် ပုဂ္ဂလိက ရုပ်သံလိုင်းများမှ
အသိပညာပေးလျက်ရှိသည့် အခြေအနေ၊ နေအိမ်တွင် နေထိုင်ရေး(Stay at home) ကာလအတွင်း ပြည်သူ များ စိတ်ချမ်းမြေ့မှုရရှိစေရေး၊ အသိပညာရရှိရေး၊ စိတ်ဖိစီးမှုများလျော့ကျစေရေး သီချင်းနှင့် ဇာတ်လမ်း တိုများ၊ အင်တာဗျူးအစီအစဉ်များ၊ အငြိမ့်များအပြင် အခြားအစီအစဉ်များစွာကို တင်ဆက်ပေးလျက်ရှိ သည့် အခြေအနေများနှင့် ဆက်လက်စီမံဆောင်ရွက် လျက်ရှိသည့် အခြေအနေ။
အောက်ဆီဂျင်များအား ပြည်ပမှ တင်သွင်း ဖြန့်ဖြူးနေမှု၊ ပြည်တွင်းမှ ထုတ်လုပ်နေမှုအခြေအနေ၊ ကာကွယ်ဆေးများအား သတ်မှတ်နယ်ပယ်များ အလိုက် ထိုးနှံပေးနေမှု၊ ပြီးစီးမှုနှင့် ဆက်လက်ထိုးနှံ ရေး ဆောင်ရွက်နေမှု အခြေအနေ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်နေမှု၊ နယ်စပ်ဂိတ်အသီးသီး၌ စနစ်တကျ စစ်ဆေး၍ ရောဂါပိုးတွေ့ရှိသူများအား စောင့်ကြည့် ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိမှုနှင့် ရောဂါပိုး မတွေ့ရှိသူများကို ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်နိုင်ရေး စီစဉ်ပို့ဆောင်ပေးလျက်ရှိသည့် အခြေအနေ။
စားရေးအခက်အခဲမရှိစေရန်
စားရေးအခက်အခဲမရှိစေရန်အတွက် အခြေခံ စားကုန်များကို ရွေ့လျားဈေးကားများဖြင့် လှည့်လည်ရောင်းချပေးနေမှုနှင့် အခြေခံအိမ်သုံး ဆေးဝါးများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည့် အခြေအနေ၊ တပ်မတော် ဆေးရုံများ၊ စင်တာများတွင် စောင့်ကြည့်၊ ကုသမှုများ ဆောင်ရွက်ပေးနေမှု အခြေအနေ၊ Oxygen Plant များ တည်ဆောက်ပြီးစီးမှု၊ ဆက်လက်တည်ဆောက် နေမှုနှင့် တည်ဆောက်ပြီးစီးပါက ထွက်ရှိလာမည့် အခြေအနေ၊ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း ကူးစက် ပြန့်ပွားမှုများတွင် ဗီဇပြောင်းရောဂါမျိုးကွဲများဖြင့် ကူးစက်ပြန့်ပွားခဲ့မှု အခြေအနေ၊ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာပစ္စည်းများ၊ အောက်ဆီဂျင် များ၊ တစ်ခါသုံးဆေးထိုးအပ်နှင့် အခြားလိုအပ်သည့် ဆက်စပ်ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူး ပေးလျက်ရှိသည့် အခြေအနေ၊ ပြည်တွင်းရှိ နိုင်ငံပိုင် နှင့် ပုဂ္ဂလိကပိုင်ဆေးဝါးစက်ရုံများမှ ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးပေးနေမှု အခြေအနေ၊ ဆေးဝါးများ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး စောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နေမှု၊ အခြေခံ အိမ်သုံး ဆေးဝါးများ ကုန်ဈေးနှုန်းကျဆင်းလာမှု၊ ကိုဗစ်-၁၉ ပထမလှိုင်းကာလအတွင်း ပြည်တွင်းရှိ အထည်ချုပ် စက်ရုံအချို့ပိတ်ထားရမှုများရှိခဲ့ပြီး ယခုတတိယ လှိုင်းကာလအတွင်းပင် အထည်ချုပ်အမှာစာများ ရောက်ရှိလာသည့်အတွက် စက်ရုံများကို ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ပြန်လည် လည်ပတ်ခဲ့ပြီး ယခင်လည်ပတ်မှု ရပ်ဆိုင်းထားသည့် အထည်ချုပ် စက်ရုံ ၃၈ ရုံနှင့် စက်ရုံအသစ် ၁၁ ရုံ၊ စုစုပေါင်း စက်ရုံ ၄၉ ရုံ လည်ပတ်လာနိုင်သည့်အတွက် ဝန်ထမ်း နှစ်သောင်းကျော်ကို အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ပေးနိုင်ခဲ့သည့် အခြေအနေ၊ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများအား ကာကွယ် ဆေးထိုးနှံနိုင်ရေး လုပ်ဆောင်လျက်ရှိရာ ဩဂုတ် ၂၂ ရက်အထိ အလုပ်သမား ရှစ်သောင်းကျော်ကို ထိုးနှံပြီးစီးခဲ့ပြီး ဆက်လက်ထိုးနှံပေးသွားမည့် အခြေအနေ။
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများအနေဖြင့် မြို့နယ်၊ ခရိုင်အလိုက် ဖြစ်ပေါ်ခဲ့သည့် ရောဂါဖြစ်ပွားမှု၊ သေဆုံးမှု၊ ဆေးရုံ တက်ရောက်မှု၊ အောက်ဆီဂျင်လိုအပ်မှု အခြေအနေ များကို ဆန်းစစ်သုံးသပ်၍ အမှန်တကယ် လိုအပ် ချက်များကို တွက်ချက်ပြင်ဆင်ထားရန်လိုအပ်သည့် အခြေအနေ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၏ ဒေသများအတွင်း ကာကွယ်ဆေးထိုးနှံပေး နိုင်ရေး စနစ်တကျ စာရင်းကောက်ယူဆောင်ရွက် လျက်ရှိပြီး ဦးစားပေးအုပ်စုအလိုက် အမြန်ဆုံးထိုးနှံ ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ တိုက်ပွဲရှောင်နှင့် IDP Camp များ၌ ရှိနေသူ လူဦးရေ ၅ သိန်းကျော်အနက် အသက် ၁၈ နှစ်အထက် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ ၁၆၅၂၉၆ ဦးရှိပြီး ၎င်းတို့အနက် လူဦးရေ ငါးသောင်း ကျော်ကို ယခုအပတ်အတွင်း ကာကွယ်ဆေးထိုးနှံ ပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကာကွယ် ဆေးထိုးနှံပြီးစီးသူများကို စနစ်တကျ မှတ်တမ်း တင်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းတင်ပြကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီး ချုပ်က ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံများ ပုံမှန်အတိုင်း လည်ပတ်နေမှုများကို အားပေးရမည်ဖြစ်ပြီး ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး စည်းမျဉ်းစည်းကမ်း အတိုင်း လိုက်နာဆောင်ရွက်ကြရန်လည်း လိုအပ် မည်ဖြစ်ကြောင်း၊ စက်ရုံပိုင်ရှင်များအနေဖြင့်လည်း ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် ၎င်းတို့၏ လိုအပ် ချက်များနှင့် ပတ်သက်၍ အလေးထားလုပ်ဆောင်ပေးရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ တာဝန်ရှိသူများအနေဖြင့်လည်း လိုအပ် သည်များကို တတ်စွမ်းသရွေ့ ဖြည့်ဆည်းဆောင်ရွက် ပေးသွားရမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည် များ ဖြည့်စွက်မှာကြားသည်။
ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ကျန်းမာရေးဆိုင်ရာဆောင်ရွက် မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါသည် မျိုးရိုးဗီဇ များ ပြောင်းလဲကူးစက်မှု ဖြစ်ပွားလျက်ရှိသည့်အတွက် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများကို အမြဲမပြတ် ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)နှင့် ကျန်းမာရေးအဖွဲ့အစည်းများက သတ်မှတ်ထားသည့် စံနှုန်းသတ်မှတ်ချက်များရှိပြီး ၎င်းတို့ကိုလေ့လာ၍ လိုက်နာဆောင်ရွက်သွားရန် လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှု များတွင် ဗဟိုအဖွဲ့၊ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များအနေဖြင့် လိုအပ်သည်မှန်သမျှကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများနေဖြင့် လည်း ပြည်သူများမှ တိကျစွာ လိုက်နာဆောင်ရွက်ရေး ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း။
ဆေးရုံအင်္ဂါရပ်များနှင့် ကိုက်ညီမှုရှိရန်လိုအပ်
ထို့နောက် ဆေးရုံများကို အဆင့်မြှင့်တင်နိုင်ရေး လုပ်ဆောင်ကြရမည်ဖြစ်ပြီး ဆေးရုံတိုင်းသည် ဆေးရုံအင်္ဂါရပ်များနှင့် ကိုက်ညီမှုရှိရန်လိုအပ်မည် ဖြစ်ကြောင်း၊ ယခုခေတ်၌ နိုင်ငံတကာရှိ ဆေးရုံများ၏ ပုံသဏ္ဌာန်များ၊ အင်္ဂါရပ်များကို အလွယ်တကူ လေ့လာတွေ့ရှိနိုင်ကြောင်း၊ ထိုသို့လေ့လာ၍ မြို့နယ်၊ တိုက်နယ်၊ ခရိုင်အဆင့် ဆေးရုံများ စနစ်တကျ ရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ICU ခန်း များရှိသည်ဖြစ်သော်လည်း ကိုဗစ်နှင့် ပတ်သက်၍ သီးသန့်ထားရှိပြီး အခြားရောဂါများအတွက်လည်း ICU ခန်းကို သီးသန့်ထားရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊
ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက်လည်း နိုင်ငံတော်မှ လိုအပ်သည့် ကုန်ကျမှုများကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဆေးရုံများအဆင့်မြှင့်တင်ရေး၊ ရေစီး ရေလာကောင်းမွန်ရေး၊ အမှိုက်သရိုက်များ ရှင်းလင်း ရေး၊ ခြံစည်းရိုးများကောင်းမွန်ရေး၊ သန့်ရှင်းသပ်ရပ်မှု ရှိစေရေး ဆေးရုံဝန်ထမ်းများ၊ တပ်မတော်၊ လူမှုရေး အဖွဲ့အစည်းများဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
အသက်ထက် အရေးကြီးတာ ဘာမှမရှိ
ထို့နောက် အောက်ဆီဂျင်နှင့် ပတ်သက်၍ လိုအပ်သည်များကို ဆောင်ရွက်ပေးရန်လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ “ဆက်စပ်ပြီး ပြောချင်တာကတော့ အောက်ဆီဂျင်ကိစ္စပါ၊ အောက်ဆီဂျင်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့က ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်မှာ အောက်ဆီဂျင်လိုအပ်ချက်တွေ အလွန်မြင့်တက်လာတဲ့အခါကျတော့ အကုန်လုံးက အောက်ဆီဂျင်ရရှိဖို့ အသည်းအသန် ကြိုးစားကြ တာပေါ့၊ အမြင့်ဆုံးလိုအပ်ချက်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က ၃၁၂၉၈ လုံး လိုတယ်ဆိုပြီး တော့ ကမ္ဘာကစောင့်ကြည့်လေ့လာရေး Indicator တွေမှာ သွားတွေ့တယ်။ အခု ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂၀ ရက်နေ့လိုအပ်ချက်က ၁၈၆၆၇ တွေ့တယ်။ ကျွန်တော်တို့ ထုတ်နိုင်တာက အခု လေးသောင်း ကျော်၊ တကယ်လို့ အပြည့်အစုံဆို လေးသောင်းကျော် လောက် ထုတ်နိုင်တာကို ကျွန်တော်တို့တွေ့တယ်။ ဆိုလိုချင်တာကတော့ အမြင့်ဆုံး လိုအပ်ချက်ထက်ကို ပိုပြီးတော့မှ အောက်ဆီဂျင် ထုတ်နိုင်တဲ့အနေအထား တော့ ရောက်သွားပြီ။ သို့သော် ဆေးရုံသုံးအောက်ဆီဂျင် တွေ သန့်ရှင်းပြီးတော့မှ စနစ်တကျဖြစ်တဲ့ အောက်ဆီဂျင် ဖြစ်စေချင်တယ်။ အဲဒါလည်း ကျွန်တော် ပြီးခဲ့တဲ့အစည်းအဝေးတွေမှာလည်း ပြောပါတယ်။ အောက်ဆီဂျင်အိုးတွေကအစ စနစ် တကျလုပ်ပါ။ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ဖြစ်အောင် ကြိုးစားပါ။ နောက်တစ်ခါလည်း အောက်ဆီဂျင် အောက်ဆီဂျင်လို့ ပြောတဲ့အခါ ကျတော့။ မြို့နယ်တွေမှာ ကြိုးစားကြတယ်။ အဓိက ကတော့ ဆက်သွယ်မှု ခက်ခဲတဲ့နေရာတွေမှာ အောက်ဆီဂျင် မဖြစ်မနေရအောင် လုပ်ရမယ်။ ဥပမာအားဖြင့်- နန်းယွန်းလို မြို့နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဆိုရင် နန်းယွန်းလို ဟာမျိုးပေါ့၊ သွားရလာရတာ နည်းနည်းခက်တာကိုး။ လဟယ်ကမှ ခန္တီးကသွားရင် နည်းနည်းအဆင်ပြေ နိုင်သေးတယ်။ ဒါ ဥပမာ ပြောပြတာ၊ ဥပမာအားဖြင့်- မာန်အောင်လို ဟာမျိုးဆိုရင် လေကြောင်းလမ်းတစ်ခု နဲ့ ရာသီဥတုကောင်းလို့ရှိရင် သင်္ဘောလမ်းသွားလို့ ရတယ်။ ကားလမ်းမရှိဘူး။ မာန်အောင်ကျွန်းမျိုး ဆိုရင် ရကိုရရမယ်။ သူ့ကို Survive လုပ်နိုင်၊ သူ့ကိုယ်သူ ရပ်တည်နိုင်ရမယ့် အခြေအနေမျိုး ရှိရမယ်။ အဲဒါမျိုးလေးတွေပေါ့၊ ပြည်နယ်နဲ့ တိုင်းအလိုက် သွားလာမှုခက်ခဲတဲ့ မြို့နယ်တွေမှာ၊ ခရိုင် မဟုတ်လို့၊ မြို့နယ် မဟုတ်လို့ မဟုတ်ဘူး၊ သွားလာမှုခက်ခဲတဲ့ ဒေသတွေကတော့ မဖြစ်မနေရအောင် ကြိုးစားပေး၊ စိတ်မပူရအောင်၊ လျှပ်စစ်မီး ဘယ်လိုရအောင် လုပ်မလဲ၊ ဥပမာအားဖြင့် - အသေးစား ရေအား လျှပ်စစ် စီမံကိန်း၊ အဲဒီမှာ ၅၀၀ ကီလိုဝပ်၊ ၁၀၀၀ ကီလိုဝပ်၊ ဒါမှမဟုတ်လို့ရှိရင် ၂၀၀ ကီလိုဝပ် လား၊ ၃၀၀ ကီလိုဝပ်တော့ ရသလား၊ ရရင် ခုနကပြောတဲ့ အောက်ဆီဂျင်စက်ရုံနဲ့ ပတ်သက်ပြီး အထောက် အကူရအောင် ချိတ်ဆက်ထား၊ လူထက် အရေးကြီး တာ၊ အသက်ထက် အရေးကြီးတာ ဘာမှမရှိဘူး’’ ဟု ပြောကြားသည်။
ဆေးဝါးအတုများ တင်သွင်းမှုမရှိစေရေး စစ်ဆေးရမည်
ဆက်လက်၍ ကိုဗစ်ကာကွယ်ဆေးများနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းမှုများကို နယ်စပ်ဂိတ် များ၊ လေကြောင်းနှင့် ရေကြောင်းတို့မှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် တင်သွင်းမှုများလုပ်ဆောင် လျက်ရှိပြီး နှောင့်နှေးကြန့်ကြာမှုမရှိစေရေး အမြန်ဆုံး ထုတ်ပေးနိုင်ရေး ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ လိုအပ်သည့် စစ်ဆေးမှုများ၊ ခွင့်ပြုမှုများကို အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေး ကြပ်မတ်ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ မတော်လောဘများဖြင့် ကန့်သတ်တားမြစ်ဆေးဝါးများ၊ ဆေးဝါးအတုများ တင်သွင်းမှုမရှိစေရေး စစ်ဆေးရမည်ဖြစ်ပြီး တွေ့ရှိပါ က ထိရောက်စွာ အရေးယူဆောင်ရွက်ရမည်ဖြစ် ကြောင်း။
ပညာပေးမှုနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီး ဌာနမှ လုပ်ဆောင်နေမှုများရှိသကဲ့သို့ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက်တွင်လည်း အသံချဲ့စက်များ နှင့် အသိပေးကြေညာခြင်း၊ ကျန်းမာရေးအသိပညာ ပေး၊ သတိပေးဆိုင်းဘုတ်များ ထောင်ခြင်းများ ပြုလုပ်ရန်လည်းလိုကြောင်း၊ အထူးသဖြင့် တိုင်းရင်း သားဒေသများတွင် ပညာပေးမှုများပိုမိုဆောင်ရွက် ရမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ အသိပေးမှု၊ သတိပေးမှုများ နေ့စဉ်မြင်တွေ့ကြားသိနေရမှသာ လျှင် ဆင်ခြင်လိုက်နာနိုင်မည် ဖြစ်သောကြောင့် ပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့်ဖြင့် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း။
စေတနာထား၍ လုပ်ဆောင်ကြရမည်
ကိုဗစ်-၁၉ ရောဂါကို ရှေ့တန်းမှ ကာကွယ် ထိန်းချုပ် ကုသပေးနေသော ကျန်းမာရေးဝန်ထမ်း များ၊ နိုင်ငံတော်၏ ကုန်ထုတ်လုပ်ငန်းများတွင် ထမ်းဆောင်ကြသည့် အဖွဲ့အစည်းများ၊ ပြည်သူလူထု ၏ သယ်ယူပို့ဆောင်ရေးကို ဆောင်ရွက်ပေးနေသည့် အဖွဲ့များ၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်ထမ်းဆောင်နေသူများနှင့် ၎င်းတို့၏ မိသားစု ဝင်များ ကျန်းမာရေးကောင်းမွန်ရန်လည်း လိုအပ် မည်ဖြစ်သဖြင့် ကာကွယ်ဆေးထိုးနှံရာတွင် ဦးစားပေး သတ်မှတ်ချက်များအလိုက် စနစ်တကျထိုးနှံပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံပိုင်တပ်မတော်(လေ)နှင့် တပ်မတော်ပို့ဆောင်ရေးစနစ်များမှတစ်ဆင့် ပြည်နယ်နှင့်တိုင်းအားလုံးသို့ အမြန်ဆုံးရောက်ရှိ နိုင်ရေး ပို့ဆောင်ပေးလျက်ရှိကြောင်း၊ ရောက်ရှိလာ သည့် ဆေးပစ္စည်းများ ပျက်စီးမှုမရှိစေရေး စနစ်တကျ ထိန်းသိမ်းထားသို၍ အမြန်ဆုံးထိုးနှံပေးရမည်ဖြစ်ကြောင်း၊ အသက်အရွယ်ကြီးမြင့်သူများ တွင် သေဆုံးမှုနှုန်းမြင့်မားသည်ကို တွေ့ရှိရပြီး အသက် ၅၀ နှင့် အထက် သေဆုံးမှု ၈၀ ရာခိုင်နှုန်း ရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ကာကွယ် ဆေးကို အသက်အရွယ်ကြီးရင့်သူများအား ဦးစားပေး ထိုးနှံစေလျက်ရှိကြောင်း၊ ယခု ကာကွယ်ဆေး ၈ သန်းရောက်ရှိပြီး ၆ သန်းကို ထိုးနှံပေးပြီးဖြစ် ကြောင်း၊ ဒုတိယအကြိမ်ထိုးနှံရန် ဆေး ၂ သန်း ကျန်ရှိ ကြောင်း၊ တစ်ဖက်ကလည်း ကိုယ်ခံစွမ်းအား ကောင်းမွန်အောင် နေထိုင်ရန်လိုအပ်မည်ဖြစ်ပြီး ကျန်းမာသန်စွမ်းမှုရှိစေရန် ကိုယ်လက်လှုပ်ရှားမှု များကိုလည်း လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် အသိပညာပေးမှုများ ကိုသာမက အခြေခံကျန်းမာရေးနှင့်ပတ်သက်သည့် ပညာပေးမှုများကိုလည်း ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ စားရေးသောက်ရေးနှင့် ပတ်သက်၍ အဆင်ပြေချောမွေ့မှုရှိစေရန် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ ဒေသအလိုက် စားရေရိက္ခာပေါများစေရေး ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ အခြေခံ အနေဖြင့် နိုင်ငံသားများနှင့် တိုင်းပြည်၏ စီးပွားရေး ကောင်းမွန်အောင် လုပ်ဆောင်ရန် အဓိကလိုအပ်မည် ဖြစ်ကြောင်း၊ မိမိတို့တစ်ဦးချင်း လုပ်ဆောင်ရသည့် တာဝန်များအလိုက် မိမိအလုပ်နှင့် တိုင်းပြည်အပေါ် တွင် စေတနာထား၍ လုပ်ဆောင်မည်ဆိုပါက မိမိတို့၏ လုပ်ဆောင်မှုများ အောင်မြင်နိုင်မည်ဖြစ်ပြီး တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးနှင့် ပြည်သူလူထု၏ လူမှုဘဝတိုးတက်မြင့်မားရေးကို အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်သဖြင့် မိမိတို့၏ လုပ်ငန်း တာဝန်များကို စေတနာထား၍ လုပ်ဆောင်ကြရမည် ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်